နေပြည်တော် ဇူလိုင် ၂၈

 

ကျန်းမာရေးဝန်ကြီးဌာန သူနာပြုကြီးများအား တာဝန်ခံသူနာပြုကြီး၊ ပြန်တမ်းဝင်အရာရှိများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းနှင့် သူနာပြုစုမှုဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက တာဝန်ခံ သူနာပြုကြီးများကို ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဆေးရုံကြီးများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် တာဝန်ချထားသွားမည်ဖြစ်ကြောင်း၊ ပြည်သူ လူထုအား အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သူနာပြုများ၏ အခန်းကဏ္ဍသည် အဓိကကျကြောင်း၊ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအားကောင်း၍ အဆင့်အတန်း မြင့်မားလာစေရေးအတွက် ကျန်းမာရေးဝန်ထမ်းအားလုံး မိမိကျရာတာဝန်ကို တက်ညီလက်ညီ ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးမြင့်မားစေရန်နှင့် ဝန်ထမ်းတိုင်းစွမ်းဆောင်ရည်ပြည့်ဝစေရန်အတွက် သူနာပြုများ အပါအဝင် ကျန်းမာရေး ဝန်ထမ်းများ အားလုံးအတွက် ပြည်တွင်း/ပြည်ပသင်တန်းများနှင့် လုပ်ငန်းခွင်မွမ်းမံသင်တန်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

တာဝန်ခံသူနာပြုကြီးများအနေဖြင့် သူနာပြုကျင့်ဝတ်သိက္ခာများကို စောင့်စည်းလိုက်နာကျင့်သုံးပြီး ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ စံပြပုဂ္ဂိုလ်များအဖြစ် ပြုမူဆောင်ရွက်၍ နောင်မျိုးဆက်သစ် များကို မိမိတို့၏ကောင်းမွေများ လက်ဆင့်ကမ်းသွားရမည်ဖြစ်ကြောင်း၊ လူနာများကို အရည်အသွေး ပြည့်မီပြီး ဘေးကင်းလုံခြုံသော သူနာပြုစုကုသမှုရရှိ စေရန် ပိုမိုထိရောက်သည့်စီမံခန့်ခွဲမှု၊ ဦးဆောင်မှုတို့ဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းလူနာများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်ပျူငှာ နွေးထွေးစွာပြုမူ ပြောဆိုရေးအတွက် သင်ကြားပေးရမည်ဖြစ်ကြောင်းပြောကြားသည်။

 

ထို့နောက် ပြည်ထာင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သူနာပြုကြီးများကို တာဝန်ခံသူနာပြုကြီး၊ ပြန်တမ်းဝင် အရာရှိများအဖြစ် ခန့်အပ်တာဝန်ပေးအပ်သည့် အမိန့်ကြော်ငြာစာများ ပေးအပ်ပြီး တာဝန်ခံ သူနာပြုကြီးများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)