နေပြည်တော် ဇူလိုင် ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး(UNOCHA)၏ ယာယီ အကြီးအကဲ Ms. Danielle Parry ဦးဆောင်သောအဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် UNOCHA တို့အကြား သဘောတူညီမှု စာလွှာအသစ် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု၊ UNOCHA ၏ Head of Office ဖြစ်သူ မြန်မာနိုင်ငံသို့လာရောက် တာဝန်ထမ်းဆောင်မည့်အခြေအနေ၊ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေရေး အသေးစိတ်အစီအစဉ်နှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)