ရန်ကုန် ဇူလိုင် ၂၈
လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်(၁)ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေပြည်သာစက်မှုဇုန် (၁/၂/၃/၄)မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေများကို တိုင်းတာ အကဲဖြတ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အလုပ်ရှင်နှင့် အလုပ်သမားများကိုယ်တိုင် ပါဝင်ဆောင်ရွက် နိုင်စေရေးအတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာကော်မတီများ တိုးချဲ့ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းခွင် ထိခိုက်မှုများဖြစ်ပွားပါက ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ ပုဒ်မ (၅၃) အရ အလုပ်ရုံမန်နေဂျာ အနေဖြင့် ဦးစီးဌာနသို့ အကြောင်းကြားဆောင်ရွက်ရမည်ဖြစ်ပြီး စစ်ဆေးရေးအရာရှိများအနေဖြင့် သွားရောက်စစ်ဆေးပြီး နောင်အလားတူ လုပ်ငန်းခွင်ထိခိုက်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ညွှန်ကြားချက်နှင့် အကြံပြုချက်များကို ထုတ်ပြန်ပေးလျက်ရှိသဖြင့် အဆိုပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းခွင်ထိခိုက်မှုများကို တားဆီးကာကွယ်နိုင်မည်ဖြစ်ကြောင်း။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေပြည်သာစက်မှုဇုန်နှင့် အင်းစိန်စက်မှုဇုန်ရှိ စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အေးချမ်းသာယာမှုရရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းများဖြစ်ပေါ်လာစေရေး အလုပ်ရှင်နှင့် အလုပ်သမား ညှိနှိုင်း ဆောင်ရွက်ကြရန်၊ ဥပဒေပါပြဋ္ဌာန်းချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားသည်။
(သတင်းစဉ်)