ဘားအံ ဇူလိုင် ၂၉
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စကားရည်လုပြိုင်ပွဲကို ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ပတ္တမြားနယ်မြေ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ သည်။
ဘာသာရပ်ပေါင်းစုံ စကားရည်လုပြိုင်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကျောင်းသား ကျောင်းသူများ အနေဖြင့် မိမိတို့တက္ကသိုလ်၊ မိမိတို့ဒေသ၊ မိမိတို့နိုင်ငံတော်ကြီး ထာဝရ အဓွန့်ရှည်ကြာတည်တံ့ ခိုင်မြဲစေရေးအတွက် မြင့်မားသည့် အသိဉာဏ်ပညာစွမ်းပကား၊ နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ ကိုယ်ကျင့်သိက္ခာတရားကို တန်ဖိုးထားသည့်စိတ်၊ တီထွင်ဖန်တီး ထိုးထွင်းဆောင်ရွက်လိုသည့် စိတ်များဖြင့် ကြိုးစား ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက စကားရည်လုပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာထိပ်တင်ဟန် (သင်တန်းရေးရာ)က စကားရည်လုပြိုင်ပွဲ စည်းကမ်း သတ်မှတ်ချက်များနှင့် အမှတ်ပေး စည်းမျဉ်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာစာဘာသာရပ် ကိုယ်စားပြု ကျောင်းသား ကျောင်းသူသုံးဦးနှင့် သတ္တဗေဒဘာသာရပ် ကိုယ်စားပြု ကျောင်းသား ကျောင်းသူ သုံးဦးတို့က လောကတွင် ငွေသည်အရေးကြီးဆုံး ခေါင်းစဉ်ဖြင့် အဆိုနှင့် အချေကို လည်းကောင်း၊ အင်္ဂလိပ်စာဘာသာရပ် ကိုယ်စားပြု ကျောင်းသား ကျောင်းသူ သုံးဦးနှင့် ဥပဒေပညာဘာသာရပ် ကိုယ်စားပြု ကျောင်းသား ကျောင်းသူ သုံးဦးတို့က Internet သုံးတာကောင်းတယ် ခေါင်းစဉ်ဖြင့် အဆိုနှင့်အချေကို လည်းကောင်း စကားရည်လုယှဉ်ပြိုင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စကားရည်လု ယှဉ်ပြိုင်ကြသည့် အဖွဲ့နှစ်ဖွဲ့အား တစ်ဖွဲ့လျှင် ငွေကျပ်နှစ်သိန်းစီ ချီးမြှင့်သည်။
ထို့နောက် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်က အမှတ်ပေးအကဲဖြတ်ဒိုင် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နှစ်သိမ့်ဆုရရှိသော သတ္တဗေဒ ဘာသာရပ်ကိုယ်စားပြု အဆိုရှင်များကို လည်းကောင်း၊ တတိယဆုရ အင်္ဂလိပ်စာ ဘာသာရပ်ကိုယ်စားပြု အဆုရှင်များကို လည်းကောင်း၊ ဒုတိယ ဆုရရှိသော ဥပဒေပညာဘာသာရပ် ကိုယ်စားပြုအချေရှင်များကို လည်းကောင်း၊ ပထမဆုရရှိသော မြန်မာစာ ဘာသာရပ်ကိုယ်စားပြု အချေရှင်များကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)