နေပြည်တော် ဇူလိုင် ၂၉

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် တာဝန်ရှိသူ များနှင့်အတူ ဇူလိုင် ၂၇ ရက်က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့ရှိ Gasifier စက်ရုံများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်ရှိ စပါးခွံ Gasifier သုံး ရဲထွန်း ဆန်စက်သို့ရောက်ရှိပြီး Gasifier စက်ရုံများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တိုင်းဒေသ ကြီးအတွင်း အသုံးပြုလျက်ရှိသည့် Gasifier စက်ရုံများနှင့် စက်ရုံလည်ပတ်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များကို အကျိုးရှိစွာ သုံးစွဲရန်လိုအပ်ကြောင်း၊ ဆန်စက်များမှ ထွက်ရှိလာသော စပါးခွံများကို အလဟဿ မဖြစ်စေဘဲ Gasifier များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲရမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကောင်းမွန်သော နိုင်ငံ့၏ ရေမြေသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်နှင့် ကျန်းမာ‌ရေးဆိုးကျိုးများ မရှိစေရန် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင် ရွက်သွားရန်လိုကြောင်း မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် တော်ဝင် ဟင်္သာဆန်စက်သို့ရောက်ရှိပြီး စပါးခွံလောင်စာသုံး Gasifier စက်ရုံနှင့် စပါးခွံလောင်စာတောင့် ပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်