နေပြည်တော် ဇူလိုင် ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာအောင်ကြီး နှင့် ဒေါက်တာတင်ထွဋ် တို့သည် ယမန်နေ့နံနက်ပိုင်းက ဇေယျာ သီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေး တက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံသည်။

ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က နိုင်ငံတော်အနေဖြင့် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုအဖြစ် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးလာသည်နှင့်အမျှ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များ နားလည်တတ်ကျွမ်းသည့် လူငယ်များ၏ အခန်းကဏ္ဍသည် များစွာအရေးပါလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စာတွေ့လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီး အနာဂတ် လယ်ယာကဏ္ဍ၏ ဦးဆောင်ဦးရွက်ပြုကြသူများအဖြစ် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးများသည် အဆိုပါ တက္ကသိုလ်များရှိ စားရိပ်သာများ၊ အိပ် ဆောင်များနှင့် စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး ပညာသင်ယူလျက်ရှိကြသည့် ကျောင်းသားကျောင်းသူများ၏ နေထိုင်စားသောက်မှု အဆင်ပြေ ချောမွေ့စေရေးနှင့် ကျန်းမာရွှင်လန်းစွာ ပညာသင်ယူနိုင်ရေး ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးများသည် ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သင်ကြားရေး နှင့် သင်ယူရေးဆိုင်ရာများ ၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ကျောင်းပတ်ဝန်းကျင် သာယာရေး ကိစ္စရပ်များကို မေးမြန်းဆွေးနွေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရ ဖြည့်စွက်စာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်