နေပြည်တော် ဇူလိုင် ၂၉
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီး ထောင့်)နှင့် သဘာဝဓာတ်ငွေ့ ထိန်းချုပ်ဖြန့်ဖြူးရေးစခန်း(သာပေါင်း) တို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကွပ်ကဲမှုအောက်ရှိ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)သို့ ရောက်ရှိပြီး နှစ်ပတ်လည်စက် ပြုပြင်ရေး ဆောင်ရွက်ခဲ့မှု၊ စက်ရုံလည်ပတ် ထုတ်လုပ်နေမှုနှင့် စက်ရုံ၏ ပင်မထိန်းချုပ် ခန်းတွင် Distributed Control System (DCS) စနစ်ဖြင့် စက်ရုံအား ထိန်းချုပ်လည် ပတ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ နိုင်ငံခြားငွေ သုံးစွဲမှုသက်သာစေရန် အတွက် ပြည်တွင်းဓာတ်မြေဩဇာ ထုတ်လုပ်မှုများကို ပိုမိုတိုးတက်ကြိုးပမ်းထုတ်လုပ် ကြရန်၊ စက်ပြုပြင်ခြင်း လုပ်ငန်းများကို သေချာစွာ ဆောင်ရွက်ရန်၊ တစ်နှစ်ပတ်လုံး စက်ရပ် ရက် နည်းပါးစွာ လည်ပတ်နိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးတို့ကို ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အိတ်သွပ်သိုလှောင် ဖြန့်ဖြူးရေးဌာန၌ ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး နှစ်ပတ်လည် စက်ပြုပြင်ရေးဆောင်ရွက်ခဲ့သော ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေနှင့် စာသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)သည် ပြည်တွင်းထွက် သဘာဝ ဓာတ်ငွေ့ကို အသုံးပြုလည်ပတ် ထုတ်လုပ်လျက်ရှိပြီး ထွက်ရှိသော ဓာတ်မြေဩဇာများကို ဓာတ်မြေဩဇာခွဲတမ်း သတ်မှတ်ရေးကော်မတီမှတစ်ဆင့် တောင်သူများသို့ ဈေးနှုန်းချိုသာ စွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အတူ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကွပ်ကဲမှုအောက်ရှိ သဘာဝဓာတ်ငွေ့ထိန်းချုပ် ဖြန့်ဖြူးရေးစခန်း(သာပေါင်း)သို့ ရောက်ရှိပြီး သဘာဝဓာတ်ငွေ့ ထိန်းချုပ်ဖြန့်ဖြူးရေးစနစ်အား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ သဘာဝဓာတ်ငွေ့များ စဉ်ဆက်မပြတ် ပို့လွှတ်နိုင်ရေး ကြိုး ပမ်းဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက် ရန် မှာကြားပြီး ဝန်ထမ်းများအား အာဟာရဖြည့် အစားအစာများ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်