စစ်တွေ ဇူလိုင် ၂၉

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း က စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မဟာဇေယျသိဒ္ဓိအဓိဌာန်ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ကြီးအား ဖူးမြော်ကာလှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်ပြီး မုန်တိုင်းဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည် သာသနိကအဆောက်ဦများအား ပြုပြင်နေမှုများကို မေးမြန်းလျှောက်ထားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်း ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများစုပေါင်း သန့်ရှင်းရေးဆောင်ရွက် နေမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗောဓိအောင်မြေဘုန်းတော်ကြီးကျောင်း တိုက်အတွင်း ဌာနဆိုင်ရာများ ပါဝင်သည့်ပူးပေါင်းအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး မကျည်းမြိုင်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ကျောင်းများနှင့်ရပ်ကွက်များအတွင်း ကျန်းမာ ရေးဦးစီးဌာနမှ ဝန်ထမ်းများက လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်နေမှု၊ ရေကန်၊ အုတ်ကန်များအတွင်း ပိုးလောက်လန်းသေဆေး(အဘိတ်)ခတ်ခြင်း ဆောင်ရွက်နေမှုတို့ကို  လှည့်လည် ကြည့်ရှုအားပေးကြသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်စဉ် စစ်တွေတပ်နယ်မှ တပ်မတော်ဆေးဘက်ဆိုင်ရာတပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် သက်ကြီးခြင်ကောင် နှိမ်နင်းခြင်း၊ ခြင်းဆေးမှုတ်ခြင်းများကိုဆောင်ရွက်ကြသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဘုန်းတော်ကြီး ကျောင်းတိုက် အသီးသီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအတွင်း ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောက်ရွက်ပြီးစီးနေမှုအခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး စားရိပ်သာအတွင်း နံနက်စာချက်ပြုတ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းဝန်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။

မွန်လွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲဖြစ်သည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများအသင်းနှင့် စစ်တွေတက္ကသိုလ်အသင်းတို့ ယှဉ်ကစားပွဲသို့ တက်ရောက်ကြည့်ရှု အားပေးသည်။

ရှေးဦးစွာ အားကစားသမားများ ကွင်းအတွင်းနေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်အား ကွင်းလယ်ဒိုင်ကဦးဆောင်ကာအလေးပြုကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ ပျက်စီးသွားခဲ့မှုများအပေါ် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ထူထောင်ရေးကို မူလထက်သာလွန်ကောင်မွန်အောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်မှာ နှစ်လတာကာလကို အောင်မြင်စွာပြည့်မြောက်ခဲ့ပြီး သုံးလမြောက် ကာလကို ဆက်လက်အောင်မြင်စွာ ဖြတ်သန်းနေပြီဖြစ်ကြောင်း၊ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်းရှိ အားကစားကွင်းများ၊ အားကစားရုံများ ပျက်စီးခဲ့ရသကဲ့သို့ အားကစားပြိုင်ပွဲများကို ကျင်းပနိုင်ခဲ့ခြင်း မရှိသည့်အတွက် ယနေ့ကျင်းပသည့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲနောက်ပိုင်းတွင် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မုန်တိုင်းအလွန်ပြန်လည် ထူထောင်ရေး ဆောင်ရွက်သည့်ကာလအတွင်းမျာ အားကစားပြိုင်ပွဲများကို ပြန်လည်ရှင်သန်အကောင် အထည်ဖော်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်၊ မိုခါမုန်တိုင်းအပေါ်မူတည်ပြီး ရရှိလာသည့် ပေါင်းစည်းအား၊ စုစည်းအားများကို ဒေသအကျိုးပြုသည့် လုပ်ငန်းများမှာ ထည့်သွင်းပြီး ပူးပေါင်း ဆောင်ရွက်ကြရန်၊ ဒေသတည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ရက္ခိတစိတ်ဓာတ်နှင့်အညီ ပေါင်းစည်းညီညွတ်မှုဖြင့် စွမ်းဆောင်ရည်အမြင့်ဆုံး၊ သဘောထားအကြီးဆုံး ပြည်ထောင်စု၏စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ် နှင့်အညီ ကြိုးပမ်းဆောင်ရွက်နိုင်သည့် ပြည်နယ်သူ၊ ပြည်နယ်သားကောင်းများဖြစ်အောင် ဆထက်တပိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြ ပြီး စစ်တွေတက္ကသိုလ်မှ လှပျိုဖြူများက ပြိုင်ပွဲဝင်အားကစားသမားများအား အောင်သပြေပန်းစည်း များ ပေးအပ်ကာ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို စတင်ကျင်းပရာ ပြိုင်ပွဲတွင် စစ်တွေတက္ကသိုလ် အသသင်းက ၅ ဂိုး ၄ ဂိုးဖြင့်အနိုင်ရရှိသွားသည်။

ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်တို့က ဆုရအသင်းများအား ဆုဖလားနှင့် ငွေသား ကျပ်(၅)သိန်းစီကို ပေးအပ်ချီးမြှင့်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က စစ်တွေတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် များသို့ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)