မြိတ် ဇူလိုင် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် နိုင်ငံခြားစျေးကွက်ဝင် သီးနှံများဖြစ်သည့် ကော်ဖီနှင့် ကိုကိုးပျိုးပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးအတွက် လုပ်ကွက်ငယ်တောင်သူများသို့ မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်စိုးက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးသည့် မိုးရွာသွန်းမှုများပြီး အီကွေတာရာသီဥတုရှိသဖြင့် ပင်လယ်ရေမျက်နှာပြင်မှ ပေ ၂၅၀၀ အတွင်း စိုက်ပျိုးဖြစ်ထွန်းသည့် မြေပြန့်ကော်ဖီ(ရိုဘင်စတာ) ကော်ဖီမျိုးကွဲ ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းသည့် တိုင်းဒေသကြီးဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်ခရိုင်တွင် တနင်္သာရီမြို့နယ် မောတောင်မြို့နှင့် ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်များတွင် ကော်ဖီပျိုးပင်များကို ဧကရာချီ၍ စိုက်ပျိုးထားရှိကြောင်း သိရသည်။
မြိတ်မြို့၊ ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် ဇူလိုင် ၂၁ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်သော ကော်ဖီ၊ ကိုကိုးစိုက်ပျိုးမည့် တောင်သူများကို ပျိုးပင်များ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကော်ဖီပျိုးပင်များနှင့် ကိုကိုးပျိုးပင်များကိုလည်း ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီတွင် ကော်ဖီနှင့် ကိုကိုးစိုက်ပျိုးရန် စိတ်ပါဝင်စားသည့် လုပ်ကွက်ငယ် တောင်သူများသို့ လူထု ကော်ဖီ၊ ကိုကိုးစိုက်ပျိုး လှုပ်ရှားမှု အသွင်သဏ္ဌာန်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီပျိုးပင် ၁၀၀၀၀ နှင့် ကိုကိုးပျိုးပင် ၁၀၀၀ တို့ကို ဒေသခံတောင်သူများအား အခမဲ့ ဖြန်ဖြူးပေးခဲ့ကြောင်း မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြင့်ဦး(မြိတ်)