နေပြည်တော် ဇူလိုင် ၃၀

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ရှိ စပါးခွံလောင်စာသုံး Gasifier အသုံးပြု လည်ပတ်သည့် ရဲထွန်းဆန်စက်နှင့် ဆီစက် တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား လို အပ်ချက်၊ ဓာတ်အားရရှိ သုံးစွဲနေမှု၊ စပါးခွံလောင်စာသုံး Gasifier များအသုံး ပြုခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများ၊ အားသာချက်/ အားနည်းချက်များ၊ စပါးခွံလောင်စာသုံး Gasifier စတင်သုံးစွဲနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်အောင် အဆင့်ဆင့် စီမံဆောင်ရွက်ခဲ့မှု၊ စပါးခွံကုန်ကြမ်း များ ရရှိသုံးစွဲမှု၊ စပါးခွံလောင်စာသုံး Gasifier မှ လျှပ်စစ်ထုတ်လုပ်နိုင်မှု၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် ဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး Gasifier အသုံးပြုခြင်း ကြောင့် ကုန်ထုတ် လုပ်မှု စရိတ်များလျှော့ချနိုင်မှုနှင့် ပြည်တွင်း၌ သုံးစွဲနေသည့် စပါးခွံလောင်စာသုံး Gasifier များ၏ စစ်ဆေးတွေ့ရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ် ဓာတ်အား ပြတ်တောက်သည့် အချိန်များတွင် ဒီဇယ်ဓာတ်အားပေးစက်များ အသုံးပြု လည်ပတ် ခြင်းသည် Gasifier အသုံးပြု၍ လည်ပတ်ခြင်းထက် ကုန်ကျစရိတ်ပိုမိုကြောင်း၊ Gasifier များ အကူအညီဖြင့် စက်များအချိန်ပြည့်လည်ပတ်နိုင်ခြင်းကြောင့် ဈေးကွက်၏လိုအပ်ချက်ကို အချိန် နှင့်တစ်ပြေးညီ ဖြည့်ဆည်းနိုင်သည့်အတွက် ဈေးကွက်ခိုင်မာမှုရှိကြောင်း၊ စပါးကုန်ကြမ်းများ ကြိုတင်စုဆောင်းရန် မလိုတော့သည့်အတွက် လုပ်ငန်းရှင်များ၏ လုပ်ငန်းလည်ပတ် ငွေပမာဏ လျှော့ချသုံးစွဲနိုင်ကြောင်း၊ လုပ်ငန်းရှင်များမှ Gasifier များ ပိုမိုသုံးစွဲလာခြင်းဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အား ပေးစနစ် (National Grid) မှ ဓာတ်အားရယူသုံးစွဲမှု လျော့နည်းလာခြင်း ကြောင့် အများပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲရသည့် အားသာချက်များစွာရှိကြောင်း၊ ထို့ပြင် Gasifier မှထွက်ရှိသော စပါးခွံဖွဲပြာသည် စိုက်ပျိုးရေးမြေဩဇာအဖြစ် ရောင်းချနိုင် သဖြင့် ဝင်ငွေရရှိစေခြင်း၊ ဆန်စက်များမှ ထွက်ရှိသော စပါးခွံများ စွန့်ပစ်ရန်အတွက် နေရာရှာ ဖွေရခြင်း၊ စွန့်ပစ်စပါးခွံများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုဖြစ်ပေါ်စေခြင်း၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာနိုင်ခြင်းများကြောင့် စပါးခွံသုံးစွဲ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဖြင့် လျှပ်စစ် ဓာတ်အား ပိုမိုသုံးစွဲနိုင်ခြင်း၊ မီးဘေးအန္တရာယ် ကင်းဝေးစေခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ နည်းလာခြင်း စသည်တို့အပြင် စက်သုံးဆီ သုံးစွဲမှုလျှော့ချနိုင်ခြင်းကြောင့် နိုင်ငံခြားမှ စက်သုံးဆီ တင်သွင်းမှု လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှု လျော့ကျခြင်းကြောင့် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးဖြစ်ထွန်းစေခြင်း စသည့်အကျိုးကျေးဇူးများရှိပါကြောင်း။

တစ်ဖက်တွင်လည်း လုပ်သားများ ကျန်းမာရေး မထိခိုက်စေရန်နှင့် ပတ်ဝန်းကျင် (ရေထု၊ လေထု၊ မြေထု) ပျက်စီးမှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ စပါးခွံလောင်စာ သုံး Gasifier များ ထုတ်လုပ်မှုနှင့် သုံးစွဲမှုအတွက် လိုအပ်သော လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်(SOP)များကို ဝန်ကြီးဌာနများ စုပေါင်း၍ သတ်မှတ်ပြုစု ရေးဆွဲပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်လျက်ရှိသည့် စပါးခွံလောင်စာသုံး Gasifier များသည် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စပါးခွံလောင်စာသုံး Gasifier ၏ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်နှင့် စပါးကြိတ်ခွဲနေမှု လုပ်ငန်စဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်