နေပြည်တော်  ဇူလိုင် ၃၀

ကျန်းမာရေးဝန်ကြီးဌာန ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမကြီးဘေး မြေဧရိယာ၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း နှင့်  ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း တို့က ရတနာတန်းဝင် ကျွန်းပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အရာရှိကြီးများနှင့် အရာ ထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင် (၁၅၀) အပါအဝင် တည်ပင်(၄၀)၊ သစ်ဆိမ့် (၃၅)ပင် ၊ ပုတီးဖြူ (၄၅)ပင်၊ ပိန္နဲပင် (၃၀)၊ ခရေပင် (၃၀)၊ ဆီသပြေပင်(၄၀)၊ ကံ့ကော်ပင် (၃၀)၊ သစ်ကြပိုးပင် (၃၀) စုစုပေါင်းသစ်ပင် (၄၃၀)ကို ဆက်လက်စိုက်ပျိုးပေးကြသည်။ 

ထိုသို့ ဝန်ထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က လှည့်လည်ကြည့်ရှု အားပေးကြသည်။ 

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန မိုးရာသီငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ဇမ္ဗူသီရိမြို့နယ် ဇမ္ဗူကျက်သရေလမ်းရှိ မင်္ဂလာကန်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က မင်္ဂလာကန်အတွင်းသို့ ငါးမျိုးများကို ဦးစွာ စိုက်ထည့်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အရာရှိကြီးများနှင့် အရာထမ်း၊ အမှုထမ်းများက ငါးလုပ်ငန်းဦးစီးဌာနက ပံ့ပိုးသည့် ငါးသားပေါက် အကောင်ရေ စုစုပေါင်း (၃၀၀၀၀) ကို မင်္ဂလာကန်အတွင်းသို့ စိုက်ထည့်ပေးကြသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည် တော်ရှိ အမျိုးသားပရဆေးဥယျာဉ်၌ ကျင်းပသည့် နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၏ ပြင်ပလူနာဌာနခွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၏ ပြင်ပလူနာဌာနခွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြင်ပလူနာဌာနခွဲအတွင်းရှိ လူနာမှတ်ပုံတင်ဌာန၊ လူနာ စမ်းသပ်ခန်းနှင့် လူနာကုသခန်းတို့ကို လှည့်လည်ကြည့်ရှုကာ လူနာများအား တိုင်းရင်းဆေး ပညာဖြင့် ကုသပေးနေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် တိုင်းရင်းဆေးပညာ ဦးစီးဌာနက သိပ္ပံနည်းကျ သုတေသနပြု ထုတ်လုပ် ထားသော ကိုဗစ်-၁၉ ရောဂါ အပါအဝင် တုပ်ကွေးရောဂါများကို သက်သာပျောက်ကင်း စေနိုင်သည့် ဆေးခါးကြီး ပါဝင်သော ဝိသမအဖျားပျောက်ဆေးဖြင့် လူနာများကို အောင် မြင်စွာ ကုသပေးနိုင်မှု အခြေအနေကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူများအား ဝိသမအဖျား ပျောက်ဆေး၏ ကောင်းကျိုးအာနိသင်များကို သိရှိနိုင်ရေးနှင့် ဆေးကို ကျယ် ပြန့်စွာ ထုတ်လုပ်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး ယခင်နှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တွင် အမျိုးသားပရဆေးဥယျာဉ်၌ ကျန်းမာရေးဝန်ကြီးဌာနက စိုက်ပျိုးခဲ့သည့် ပရဆေးပင်များဖြစ်သည့် ကံ့ကော်ပင်၊ ကရမက်ပင်၊ သရဖီပင်နှင့် စကားဝါပင်များ ရှင်သန်ဖြစ် ထွန်းနေမှုနှင့် ဥယျာဉ်အတွင်း စိုက်ပျိုးထားသည့် ဆေးခါးကြီးပင် စိုက်ခင်းကို ကြည့်ရှုသည်။

ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်မှုပေးရာတွင် ပြည်သူ များအနေဖြင့် ပိုမိုလက်လှမ်းမီစေရန် ရည်ရွယ်၍ နေပြည်တော် အမျိုးသားပရဆေးဥယျာဉ် အတွင်း ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ ပြင်ပလူနာဌာနခွဲကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ  နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ကုသပေးမည်ဖြစ်ကြောင်းနှင့် မည်သူမဆို လာရောက်ကုသမှု ခံယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်