ရန်ကုန် ဇူလိုင် ၃၀

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်  အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီး ၄ ပါးနှင့် နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်၌ တည်ထားကိုး ကွယ်လျက်ရှိသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေ ကဇာတင်ပွဲသို့ ကြွရောက်တော်မူလာကြသည့် လာအိုနိုင်ငံ သံဃရာဇာဆရာတော်ကြီး အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက Most Ven . Bounma Simmaphom နှင့်အဖွဲ့တို့ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၂) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ၊ မဟာနာယကကျောင်းဆောင် ဘုရားခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက ကြိုဆိုနှုတ်ဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ တည်ထားကိုးကွယ်လျက်ရှိသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲသို့  လာအိုနိုင်ငံမှ သံဃာ့ရာဇာဆရာတော်ကြီး ကိုယ်တိုင်ကြွရောက် ချီးမြှောက်တော်မူသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ထေရဝါဒဗုဒ္ဓဘာသာပညာရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ အရည်အချင်းပြည့်မီသော ရဟန်းတော်များ၊ လူပုဂ္ဂိုလ်များကို ပရိယတ္တိပညာသင်ယူနိုင်ရေးအတွက် အမြဲကြိုဆိုလျက်ရှိပါကြောင်း မိန့်ကြားတော်မူသည်။  

ယင်းနောက် လာအိုနိုင်ငံ သံဃရာဇာဆရာတော်ကြီး အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက Most Ven . Bounma Simmaphom က လာအိုနိုင်ငံရှိ သံဃာတော်များကို ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အပြည်ပြည်ဆိုင်ရာဗုဒ္ဓသာသနာပြုတက္ကသိုလ်က ပရိယတ္တိစာပေ ပညာများ သင်ကြားပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုအစဉ်အလာများ အဓွန့်ရှည် တည်တံ့ပါစေ မိန့်ကြားတော်မူသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား လာအိုနိုင်ငံ သံဃရာဇာဆရာတော်ကြီး အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက Most Ven . Bounma Simmaphom နှင့်အဖွဲ့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်