ရန်ကုန် ဇူလိုင် ၃၀
ဆဋ္ဌသင်္ဂါယနာသာသနာသမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ (၅၄)ကြိမ်မြောက် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပသည်။
ဦးစွာ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် ကြီးများနှင့် ပင့်သံဃာအရှင်သူမြတ်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်တော်မူကြသည်။
ထို့နောက် ဩဝါဒါခံယူပွဲကို သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ ဧည့်ခန်းမ ၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးအသင်းများက သီရိမင်္ဂလာကမ္ဘာအေး စေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ စံပြသာသနာပြုကျောင်း ဦးစီးပဓာနနာယက အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကောသလ္လ(မြေပုံ)ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်တို့ထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြသည်။
ဆက်လက်၍ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့စီမံရေးရာ ဂေါပက ဦးသိန်းဦးက ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းချုပ်ကို လျှောက်ထားသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရထံမှ ဩဝါဝါဒကထာနာယူကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ စန္ဒနသာရထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြကြောင်း သိရသည်။
သတင်းစဉ်