ကျိုက်ထို ဇူလိုင် ၃၁

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်အထိ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ကဒတ်ချောင်းရေလျှံမှုဖြစ်ပွားကာ ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ ဇေယျာမွန်တိုးချဲ့ကွက်သစ်ရှိ မြေနိမ့်ပိုင်းနေအိမ်များသို့ ရေများ၀င်ရောက်ခဲ့သည်။

 

နေအိမ်များသို့ ရေများဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စု (၅၄)စုမှ ၂၂၇ ဦးတို့အား ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည့် ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ အ.ထ.က(ခွဲ) (ဇေယျာမွန်)ကျောင်းသို့ ယနေ့ နံနက် ၇ နာရီမှစတင်ကာ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့သည့် အိမ်ထောင်စုဝင်များအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ခေါက်ဆွဲခြောက် (၁)ဖာလျှင် အထုပ် (၃၀)ပါ (၇)ဖာ၊ ရေသန့် (၁)လီတာကဒ် (၅၀)ကဒ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများ၏ နေ့လယ်စာအား “ဘဲလေး” ထမင်းဆိုင်နှင့် “ခိုင်ခိုင်ကျော်” ထမင်းဆိုင်တို့မှ ကျွေးမွေးမည်ဖြစ်ပြီး ညနေစာအား ကျိုက်ထိုမြို့နယ် လူမှုကူညီရေးအသင်းမှ ကျွေးမွေးသွားမည်ဖြစ်ကြောင်းနှင့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်များအား ကျန်းမာရေးဌာနမှ ပူးပေါင်းဆောင်ရွက်လျက်ကြောင်း သိရသည်။

 

နေအိမ်များအတွင်းသို့ ရေများဝင်ရောက်သည့် နေရာသို့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူမှုကူညီရေး အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ပြောင်းရွှေ့ပေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ကျိုက်ထို(ပြန်/ဆက်)