နေပြည်တော် ဩဂုတ် ၁

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ဗုဒ္ဓဘုရားရှင်၏ တရားဦး ဓမ္မစကြာဟောကြားသည့် ဓမ္မစကြာ အခါတော်နေ့ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်း၌ ပြည်သူများ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ သီလ ဆောက်တည်ကြခြင်းနှင့် တရားဘာဝနာပွားများခြင်း စသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက်ရှိရာ နေပြည်တော်ရှိ တန်ခိုးကြီးဘုရားစေတီများ၌လည်း ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်သူ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူ၊ အလှူဒါနပြုသူ၊ သီလ ဆောက်တည်သူများဖြင့် အထူးစည်ကားခဲ့သည်။

နေပြည်တော်ရှိ လက်လုပ်တောင် ရွှေနန်းသွင်း စေတီတော်၊ ရွှေလွမ်းတောင်စေတီတော်၊ နေရောင်ပြအင်း စေတီတော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်စေတီတော်၊ လယ်ဝေးမြို့  ဖောင်တော်ချက်မ စေတီတော်၊ ပျဉ်းမနား ဘုရားကိုးဆူစေတီတော်၊ စူဠာမုနိ စေတီတော်၊ ဆုတောင်းရ ဆုတောင်းပြည့်စေတီတော် အပါအဝင် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းကြီးကျောင်းများနှင့် ဓမ္မရိပ်သာများတွင် ဘုရားဖူးများဖြင့် စည်ကားခဲ့ပြီး ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်းတို့ဖြင့် ပြည်သူများ ကုသိုလ်ကောင်းမှု ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ဝါဆိုရွှေကြာသင်္ကန်းကို အခမ်း အနားဖြင့် ကပ်လှူပူဇော်ခဲ့ပြီး နေပြည်တော်နှင့် ပတ်ဝန်းကျင် မြို့နယ်၊ ကျေးရွာများမှ ဘုရား ဖူးလာ ပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်ကြသူများဖြင့် အထူးစည်ကားခဲ့ကာ ညနေပိုင်းတွင် ဆီးမီး (၁၀၀၀)ထွန်းညှိ ပူဇော်ပွဲကို လည်း ကျင်းပခဲ့ကြသည်။

ထို့အတူ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟမဟာဗောဓိစေတီတော်ကြီး နှင့် “ဖွား၊ ပွင့်၊ ဟော၊ စံ” သံဝေဇနိယ (၄)ဌာနတို့၌လည်း ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဝါဆိုလပြည့်နေ့သည် ဘုရားအလောင်းတော် တုသိတာနတ်ပြည်မှ စုတေကာလူ့ပြည်၌ ပဋိသန္ဓေ တည်သည့်နေ့၊ သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော် မူသောနေ့၊ ဘုရားဖြစ်တော်မူပြီး ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသောနေ့၊ သာဝတ္ထိ ပြည် သရက်ဖြူပင်ခြေရင်း၌ တိတ္ထိတို့ကိုနှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့၊ ဘုရား အဖြစ်ကို ဝန်ခံတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်း သောနေ့၊ သံဃာရ တနာစတင် ပေါ်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့နှင့် ဧဟိဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ ဖြစ်သည့်အတွက် ထူးခြားလှသည့် ဂုဏ်အင်များနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်သည်။

သတင်းစဉ်