ဩဂုတ် ၁

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော် နေ့) ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ဘုရားစေတီများ၌ ဥပုသ်သီလဆောက်တည်ကြသူများ၊  ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများဖြင့် စည်းကားခဲ့သည်၊၊

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) အခမ်းအနားများကို ယနေ့နံနက်(၉) နာရီမှ စတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်၊၊

ဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အာရုဏ်ဆွမ်းတော် ဆက်ကပ်ပူဇော်ပွဲကို စေတီ တော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်း အဖွဲ့ဝင်များ တက်ရောက်၍ စေတီတော်မြတ်ကြီး အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးများ ကပ်လှူပူဇော်ကြသည်၊၊

ထို့နောက် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) အခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ် ပွားတော်များ တန်ဆောင်း၌ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ တာဝန်ရှိသူများနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက စိန်ရောင်ခြည် ဘုရားပင့်ဂါထာ တော်ဖြင့် ဘုရားရှင်ကို ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ ရွှေတိဂုံ ဘုရားရှိခိုး ဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ဓမ္မစကြာအမွှန်းဂါထာရွတ်ဆိုပူဇော်ခြင်း၊ ဆု တောင်း အမျှဝေခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တာဝန်ရှိသူများနှင့် ဂေါပက အဖွဲ့ဝင်များသည် စေတီတော်ရင်ပြင် အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဘုရား အာရုံခံတန်ဆောင်းမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာ ဘုရားများအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ကပ်လှူပူဇော်ကြပြီး အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားကြသည်၊၊

ဆက်လက်၍ ဝါဆိုလပြည့်သီလခံယူခြင်းနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲ ရေစက်ချ အနုမော ဒနာ အခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ တိပိဋကဓရ ပါဠိပါရဂူ ဘဒ္ဒန္တနာဂိတထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်း အဖွဲ့များက ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာယူကြပြီး ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရွှေပြည်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ အနုမောဒနာ တရား နာယူကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး ဩဝါဒါစရိယဆရာ တော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်၊၊

အလားတူ မဟာဝိဇယစေတီတော်၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်၊ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်၊ ဆူးလေစေတီတော်၊ စွယ်တော်မြတ် စေတီတော်(ရန်ကုန်)၊ ရွှေဘုန်းပွင့်စေတီတော်၊ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွား တော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား)၊ မယ်လမုစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက် ထပ်ကြီးဘုရားတို့၌လည်း သက်ဆိုင်ရာ စေတီတော် ဂေါပကအဖွဲ့ဝင်များက ကြီးမှူး၍ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အခမ်းအနားများကို ကျင်းပကြပြီး စေတီတော်များရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဝါဆိုရွှေကြာသင်္ကန်းတော်များကို ဆက်ကပ်လှူဒါန်းပူဇော်ကြသည်၊၊

ထို့ပြင် ဒဂုံမြို့နယ်ရှိ သမိုင်းဝင် မဟာဓမ္မရံသီ အိမ်တော်ရာ စေတီတော်မြတ်ကြီး ဝါတွင်းဥပုသ်သီတင်း သီလခံယူဆောက်တည်ပွဲကို အဆိုပါစေတီ တော်မြတ်ကြီးအတွင်းရှိ ရတနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းမျာ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်၊၊

သတင်း-ဓါတ်ပုံ၊ ကိုကိုဇော်( MNA)