မန္တလေး ဩဂုတ် ၁

ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားသည့် နေ့တစ်နေ့ဖြစ်သည်နှင့်အညီ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ပုထိုး များ၌လာရောက်ဖူးမြော်ကြည်ညိုခြင်း၊  တရားဘာဝနာပွားများအားထုတ်ခြင်း၊ ရပ်ကွက်၊ လမ်းများရှိ ဓမ္မာရုံများ၌ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

အလားတူ မန္တလေးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများ၌ ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် နံနက် အရုဏ် တက်ချိန်မှစ၍ ဓမ္မစကြာအခါတော်နေ့ ပူဇော်ပွဲ၊ ဝါဆိုဝါကပ်ပွဲ၊ ဝါဆိုပန်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းလောင်းလှူဒါန်းခြင်း၊ ဇီဝိတဒါနဘေးမဲ့လွှတ် ခြင်း စသည့် ကုသိုလ်ကောင်းမှူပြုသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့မြင်ရသည်။

ထို့ပြင် မြို့၊ ရွာ၊ ရပ်ကွက်ရှိ ဓမ္မာရုံများတွင် ဝါဆိုသင်္ကန်း၊ ဆွမ်းခဲဖွယ်ဘောစဉ်များကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြခြင်း၊ သံဃာတော်များက သီလပေးတရားတော် နှင့် နိဗ္ဗာန်ရောက် ကြောင်း တရားတော်များဟောကြားချီးမြှင့်သည့် တရားဓမ္မသံများဖြင့် လည်း ထုံမွမ်းလျက်ရှိသည်။
 
ယနေ့တွင် မန္တလေးမြို့၏ အထင်ကရဖြစ်သော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ ဒေသခံ ပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူအပေါင်းတို့ကလည်း လာရောက်၍ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဆွမ်းရေချမ်းပန်းကပ်လှူပူဇော်ခြင်း၊ ဆီမီး ပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်း၊ ငါးကန်တွင်ငါးလွှတ်ခြင်း၊ အစာကျွေးခြင်းများအပြင် ဥပုသ် သီတင်းသီလဆောက်တည်၍ တရားဘာဝနာအားထုတ်သူများ၊ ဘာသာရေးလူမှုရေးဝတ် အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်တို့ကို အဖွဲ့လိုက်၊ မိသားစုလိုက် ရွတ်ဖတ်၍ ကုသိုလ်ကောင်းမှုပြုကြသည်။

အလားတူ အရှေ့ပြင်လုံးဆိုင်ရာ မဟာလောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရား ၊  စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ မန္တလေးတောင်တော်၊ ရွှေကျီးမြင်ဘုရား၊ စွယ်တော် မြတ်စေတီတော်၊ ဝေရောစနကျောက်စိမ်းစေတီတော် အပါအဝင် ဘုရား၊ စေတီများတွင် လာရောက်ဖူးမျှော်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက် ရှိပြီး စေတနာရှင်အလှူရှင်များက စတုဒီသာကျွေးမွေး လှူဒါန်းဒါနပြုကြသည်။

ထို့အတူ မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သော ကမ်းနားလမ်းရှိ မြို့တော်ဥယျာဉ်၊ ရတနာပုံတိရစ္ဆာန်ဉယျာဉ်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အပန်းဖြေစခန်းများ၊ အမရပူရမြို့နယ်ရှိ ဉီးပိန်တံတားတောင်သမန်အင်းတို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေအနားယူ သူများဖြင့် စည်ကားလျက်ရှိ‌‌ကြောင်း သိရသည်။

သတင်း-‌မောင်အေးချမ်း
ဓာတ်ပုံ-MTK