နေပြည်တော် ဩဂုတ် ၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၃၀ ရက်တွင် ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာ၌ Global Earth Agro & Aqua Industry Public Co.,Ltd (GEAAI) မှ စပါးခွံလောင်စာသုံး Gasifier စက်ရုံစီမံကိန်းကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စီမံကိန်းဆိုင်ရာ တာဝန်ရှိသူများက Smart Aquaculture System ဆိုင်ရာလုပ်ငန်းများနှင့်  Gasifier စက်ရုံဆိုင်ရာများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းပါးစေသည့် အစီအမံများနှင့်ပြည့်စုံသည့် အားသာချက်များစွာ ရှိသည်ကို တွေ့ရပါကြောင်း၊ Gasifier နှင့် ငါးကုန်ထုတ်လုပ်ငန်းကို တွဲဖက်ထားသဖြင့် ဒေသတွင်းထွက်ရှိသော စပါးခွံများကို အကျိုးရှိစွာ အသုံးချရုံသာမက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တန်ဖိုးမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်ကာ ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် Gasifier စက်များ၊ Air Cooler များနှင့် Gas Cooler များ တည်ဆောက်တပ်ဆင်နေမှုနှင့် စီမံကိန်းလုပ်ငန်းခွင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ရေပေါ်ဆိုလာ စနစ်ဖြင့် ရေတင်နေမှုများကို စစ်ဆေးခဲ့ကာ ဆိုလာစနစ်တိုးချဲ့တပ်ဆင်သုံးစွဲရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်