၁၈ ဖေဖော်ဝါရီ
ဗြိတိန် ဆယ်ကျော်သက် ကျောင်းသူ သုံးဦးဟာ ဆီးရီးယားရှိ IS အဖွဲ့ထဲကို ၂၀၁၅ ခုနှစ်က ဝင်ရောက်ခဲ့ပါတယ်။ အဲဒီထဲက တစ်ဦးဖြစ်တဲ့ ရှာမီမာ ဘီဂန် က ဗြိတိန်နိုင်ငံကို ပြန်လာချင်တဲ့ကြောင်း ပြီးခဲ့တဲ့ကြာသပတေးနေ့က တိုင်းမ် မဂ္ဂဇင်းမှာ ရေးသားထားပါတယ်။

ဆီးရီးယားရှိ ဒုက္ခသည်စခန်းကို ရောက်ရှိနေတဲ့ အသက် ၁၉ နှစ်အရွယ် ဘီဂန်ဟာ သူ့ရဲ့ ရက်ပိုင်းသာရှိသေးတဲ့ သားအတွက် အင်္ဂလန်နိုင်ငံကို ပြန်လာချင်ကြောင်း မနေ့က ထပ်မံပြောကြားပါတယ်။ သူမရဲ့ သားတစ်ဦးနဲ့ သမီးတို့ဟာ အာဟာရဓါတ်မပြည့်ဝတဲ့အတွက် မကျန်းမမာဖြစ်ပြီး သေဆုံးခဲ့ပြီးပြီဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မွေးခဲ့တဲ့ သားငယ်အတွက် ပြန်လာချင်တာဖြစ်ကြောင်း ပြောပါတယ်။

IS အဖွဲ့ထိန်းချုပ်နယ်မြေကို ရောက်ခါစ ခေါင်းပြတ်တွေ တွေ့တဲ့အခါမှာ မကြောက်ရွံကြောင်း၊ ဒါဟာ မူဆလင်ထုံးစံလုပ်တာသာဖြစ်ကြောင်း IS အဖွဲ့ဆီကို ထွက်လာခဲ့တဲ့အတွက် နောင်တမရကြောင်း ပြောဆိုပြီး သူမဟာ အွန်လိုင်းပေါ်က IS တွေရဲ့ ဝါဒဖြန့်ဗီဒီယိုတွေကို ကြည့်ပြီး ဆီးရီးယားကို ထွက်ခွာခဲ့ကြောင်း အင်တာဗျူးမှာ ဘီဂန် က ဖြေထားပါတယ်။
ဘီဂန်ဟာ IS အဖွဲ့ကို ရောက်ပြီးမကြာမီ မူဆလင်ဘာသာသို့ဘာသာပြောင်းခဲ့တဲ့ ဒိန်းမတ်နိုင်ငံသားနဲ့ လက်ထပ်ခဲ့ပါတယ်။ ဘီဂန်ရဲ့ အမျိုးသားဟာ လက်နက်ချလိုက်တဲ့အတွက် အခု အဖမ်းခံနေရကြောင်း သိရပါတယ်။
ဗြိတိန်ပြည်ထဲရေးဝန်ကြီးက ဘီဂန်ပြန်မလာလို့ရအောင်လုပ်ဆောင်မယ်။ IS အဖွဲ့ဝင်မယ်ဆိုပြီး ထွက်ပြေးတဲ့သူတွေကို ပြည်ထဲရေးဝန်ကြီးက သူရဲ့ လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုပြီး ပြန်မလာအောင် လုပ်မယ်။ အစိုးရအနေနဲ့ ပြည်သူတွေကို အန္တရာယ်ပေးနိုင်တဲ့ နိုင်ငံသားကို နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ဖို့ လုပ်မယ်လို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ အဲဒီလိုမျိုးနိုင်ငံသားပယ်ဖျက်တာ အကြိမ်တစ်ရာကျော် လုပ်ပြီးသားပါလို့ ဆိုပါတယ်။
၂၀၁၅ ခုနစ်က ဘီဂန် ဟာ အသက် ၁၅ နှစ်အရွယ် လန်ဒန်အရှေ့ပိုင်းရှိ ဘက်သနယ် ဂရင်း အထက်ကျောင်းသူတစ်ဦးပြီး သူနဲ့အတူ အခြားဆယ်ကျော်သက်အရွယ် ကျောင်းသူ နှစ်ဦးနဲ့IS အဖွဲ့ထဲဝင်ဖို့ ဆီးယားနိုင်ငံကို ထွက်ခွာခဲ့ကြပါတယ်။ သူနဲ့အတူ IS အဖွဲ့ဆီကို ထွက်ခွာသွားတဲ့ ကျောင်းသူတစ်ဦးက အိမ်ကို ဗုံးကျဲခံရစဉ် သေဆုံးပြီး နောက်တစ်ယောက်ရဲ့ အခြေအနေတော့ မသိကြောင်း ပြောပါတယ်။
MDN
ကိုးကား - AFP