နေပြည်တော် ဩဂုတ် ၃

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာအတွင်းရှိ နေအိမ်များအား KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၅ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ ကသာမြို့နယ်အတွင်း နယ်မြေလုံခြုံ ရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၃၀ ရက်တွင် ကျောက်ထုံးကြီးကျေးရွာအနီးသို့ အရောက်၌ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာအတွင်းနှင့် ကျေးရွာသင်္ချိုင်းကုန်းအတွင်းမှ နေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သမားများသည် ကျေးရွာ၏ အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ထိုသို့ ဆုတ်ခွာထွက်ပြေးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းတို့၏နောက်သို့ ထက်ကြပ်လိုက်လံချေမှုန်း တိုက်ခိုက်ခြင်း မပြုနိုင်စေရန်နှင့် ကျေးရွာရှိ နေအိမ်များအား လုံခြုံရေးတပ်ဖွဲ့ ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် ကျေးရွာအတွင်းရှိ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်