အောင်လံ ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုဖွံဖြိုးတိုးတက်စေရန်အတွက် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေကျပ် ၉၄၇ ဒသမ ၁၅၆ သန်းဖြင့် ကျေးလက်လမ်း၊ လုပ်ငန်းသုံးလမ်း၊ တံတားလုပ်ငန်း သုံးခုတို့ကို ဖောက်လုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုဖွံဖြိုးတိုးတက်စေရန်အတွက် ကျေးရွာချင်းဆက် လမ်းများ၊ တံတားများကို ဖောက်လုပ်ပေးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀၆ ရွာ၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၂၂၅ သန်းဖြင့် ကျေးလက်တံတား လုပ်ငန်းဖြစ်သည့် ကျောက်ရိုးစီကွန်ကရစ်တံတား တစ်စင်း၊ Box Culvert နှစ်စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့နောက် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၇၂၂ ဒသမ ၁၅၆ သန်းဖြင့်လည်း ကျေးရွာ ၁၀၆ ရွာ အကျိုးရှိမည့် ကျေးလက်ကွန်ကရစ်လမ်း တစ်လမ်း ၃ ဒသမ ၄ ဖာလုံ၊ ကတ္တရာလမ်း တစ်မိုင်၊ မြေသားတာဘောင်ချဲ့၍ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း အရှည် ၁၂ မိုင် ငါးဖာလုံတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမင်းထံမှ သိရသည်။
“အခုလိုမျိုး ကျနော်တို့ မြို့နယ်အတွင်းမှာ ကျေးရွာချင်းဆက်လမ်းများ၊ တံတားများ ဖောက်လုပ်တာဆိုရင် ကျေးလက်နေပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုဖွံဖြိုးတိုးတက်စေရန်၊ ပြည်သူအကျိုးစီးပွားအတွက် လုပ်ဆောင်ပေးနေတာပါ၊ အခုလိုဖောက်လုပ်ပေးနေတာကလဲ ဒေသခံပြည်သူတွေ တောင်းဆိုတဲ့အတွက်ကြောင့် လုပ်ဆောင်ပေးနေတာပါ၊ လမ်းလုပ်ငန်းများ ဖောက်လုပ်တဲ့အခါမှာ ကွန်ကရစ်လမ်းများ၊ ကတ္တရာလမ်းများ၊ မြေသားတာဘောင်ချဲ့ပြီး မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီပြီး ဒေသခံပြည်သူများရဲ့ တင်ပြတောင်းဆိုမှုများကို နှစ်စဉ် ဘဏ္ဍာငွေလျာထားပြီး ဆောင်ရွက်ပေးနေပါတယ်”ဟု အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမင်းက ပြောပြသည်။
ကိုလှိုင်