ရန်ကုန် သြဂုတ် ၃

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် စီစဉ်စုဆောင်းထားသော အရန်ဆန်များအား ဈေးကွက်ပေါက်ဈေးအောက်တွင် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ထုတ်ရောင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

 

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အထွေထွေအတွင်းရေးမှူး အပါအ၀င် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အသင်းချုပ်၏ ဆန်ပြည်ပတင်ပို့မှုဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ ပြည်ပဆန်တင်ပို့နေသည့် Exporter ကုမ္ပဏီကြီးများ ပါဝင်တက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးမှုအရ သိုလှောင်ထားပြီးသော အရန်ဆန်များကို သက်သာသော ဈေးနှုန်းဖြင့် စက်မှုဇုန်မှ အခြေခံအလုပ်သမား မိသားစုများ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းများအား ရောင်းချပေးခြင်း၊ လုပ်သားပြည်သူများသို့ ဆန်ကုန်စည်ဒိုင်များ၊ စည်ပင်သာယာဈေး အရောင်းဆိုင်များမှတစ်ဆင့် ရောင်းချပေးခြင်း အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အသင်းချုပ်မှ ဇူလိုင် ၂၈ ရက်က ထုတ်ပြန်ကြေညာထားသော ဆန်အိတ် (၅၀၀၀၀) (Well Milled, Polished & Sortexed) ၂၅ ရာခိုင်နှုန်းအဆင့် ဧည့်မထဆန်များကို တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ကနဦး စတင်ရောင်းချရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

 

အောင်မြင့်(ပြန်/ဆက်)