ဘားအံ ဩဂုတ် ၄
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် (၆၂)ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်(၄)(ဓာတ်ခွဲ) (၈)လသင်တန်းကို ဩဂုတ် ၄ ရက် နံနက်ပိုင်းက အဆိုပါဆေးရုံကြီး သုံးထပ်ဆောင် အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်က သင်တန်းနှင့်ပတ်သက်သောအချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများအတွက် သင်တန်းစရိတ် ချီးမြှင့်ငွေ ကျပ် ၈၄၀၀၀၀ ကို ထောက်ပံ့ပေးအပ်ပြီး သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားသည်။
အဆိုပါ ဆေးဘက်ကျွမ်းကျင်(၄)(ဓာတ်ခွဲ) သင်တန်းကို ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ သင်တန်းသား သင်တန်းသူ ၄၂ ဦး တက်ရောက်ကြကာ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)မှ ရောဂါဗေဒအထူးကုဆရာဝန်ကြီးနှင့် ဓာတ်ခွဲဝန်ထမ်းများက စာတွေ့လက်တွေ့သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ မြင့်တက်လာပြီး ဘားအံမြို့ပေါ် ရပ်ကွက်အချို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေများဝင်ရောက်လာသည့်အတွက် တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာနေရာများသို့ ယာယီရွှေ့ပြောင်း နေရာချထားပေးမှုကို သွားရောက်တွေ့ဆုံအားပေး၍ ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ မိုးလုံလေလုံ အားကစားခန်းမ ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။
မိုးလုံလေလုံအားကစားခန်းမ ရေဘေးကယ်ဆယ်ရေးစခန်းတွင် ဩဂုတ် ၄ ရက် နံနက် ၁၁ နာရီထိ ဘားအံမြို့ မြေနိမ့်ပိုင်း ရပ်ကွက်များမှ အိမ်ထောင်စု ၉၀၊ လူဦးရေ ၃၁၃ ဦး ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ရေဘေးသင့် အိမ်ထောင်စု ၉၀ အတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ကျပ် ၆၅၇၃၀၀ ကို ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သက်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များက ရေဘေးသင့်ပြည်သူများအား စနစ်တကျ နေရာချထားပေးမှု၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်စွာ စီမံပေးထားမှုကို ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့ မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သော အမှတ်(၅)ရပ်ကွက်၊ ရော်ဘာခြံ(၄)လမ်းနှင့် အောင်နန်း(၅)လမ်းသို့ သွားရောက်ကာ ရေဘေးသင့် ပြည်သူများအား ယာယီနေရာရွှေ့ပြောင်းပေးမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း နှစ်ခု ဖွင့်လှစ်ပေးထားပြီး ဩဂုတ် ၄ ရက် မွန်းလွဲပိုင်း တိုင်းတာချက်များအရ သံလွင်မြစ်ရေသည် ၈၁၄ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေသည့်အတွက် လိုအပ်ပါက ရေဘေးကယ်ဆယ်ရေးစခန်း ထပ်မံဖွင့်လှစ်ပေးနိုင်ရေး ပြင်ဆင်ထားကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)