မြဝတီ သြဂုတ် ၄

 

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ဩဂုတ် ၃ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာထက် ကျော်လွန်ကာ မြစ်ရေလျှံတက်မှု ဖြစ်ပွားလျက်ရှိသည်။ 

 

အဆိုပါ သောင်ရင်းမြစ် ရေလျှံမှုကြောင့် မြဝတီမြို့နယ်ရှိ သောင်ရင်းမြစ်ကမ်းပါးစပ် ရပ်ကွက်များနှင့် အနိမ့်ပိုင်း ရပ်ကွက်များအတွင်း ရေကြီးမှုဖြစ်ပွားလျက်ရှိကာ အဆိုပါနေရာမှ ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်း ငါးခု ဖွင့်လှစ်ပြီး ပြောင်းရွှေ့နေရာချထားလျက်ရှိသည်။ 

 

အဆိုပါ ရေဘေးရှောင် ပြည်သူများအား သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ်၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်ထက်ဝင်းနှင့်တာဝန်ရှိသူများက ထောက်ပံ့ရေးပစ္စည်းများကို သွားရောက်ပေးအပ်သည်။ 

 

ရေဘေးကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စု ၁၇၆ စုမှ အမျိုးသား ၃၇၆ ဦး၊ အမျိုးသမီး ၄၁၆ ဦး စုစုပေါင်း ၇၉၂ ဦး ရောက်ရှိနေထိုင်လျက်ရှိပြီး သောင်ရင်းမြစ်ရေသည် ဩဂုတ် ၄ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာထက်ကျော်လွန်ပြီး ၁၀၈၅ စင်တီမီတာတွင် ရှိနေကြောင်း သိရသည်။ 

 

ထိန်လင်းအောင်(ပြန်/ဆက်)