နေပြည်တော်   ဩဂုတ် ၄

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့ စကားဝိုင်း (Friday Talk) အမှတ်စဉ် (၂၄) ဆွေးနွေးပွဲကို “အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များ” ခေါင်းစဉ်ဖြင့်  ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကားပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး နှစ်နိုင်ငံ သဘောတူစာချုပ်များ(Bilateral Agreements)၊ နားလည်မှုစာချွန်လွှာ (MoU) နှင့် နိုင်ငံများအကြား ချုပ်ဆိုသောစာချုပ်များ (Multilateral Agreements) တို့ကို လက်မှတ် ရေးထိုးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အခြားဝန်ကြီး ဌာနများအကြား သဘောတူစာချုပ်များနှင့် စီမံကိန်းအကောင်အထည် ဖော်နိုင်ရေးချုပ်ဆိုသည့် စာချုပ်များအပေါ် သဘောထားမှတ်ချက် စိစစ်ပြန်ကြားပေးခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ စာချုပ်များလက်မှတ်ရေးထိုးခြင်းမပြုမီ ဉပဒေရေးထုံးနှင့်အညီ စာချုပ်ပါအချက်အလက်များ ပြည့်စုံမှုရှိစေရေး၊ စကားလုံးအသုံးအနှုန်းများနှင့် အရေးအသားများ မှန်ကန်မှုရှိစေရေးစိစစ်ရန် အလွန်အရေးကြီးပါကြောင်း၊ စာချုပ်ချုပ်ဆိုရာ၌  နှုတ်တစ်ရာစာတစ်လုံး ဖြစ်သည့်အတွက် အမှား အယွင်းများ မရှိစေရေး သတိပြုဆောင်ရွက်ရသည့်အပြင် စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းတွင် ဉပဒေရေးရာ အငြင်းပွားမှုများမဖြစ်ပေါ်စေရေးအတွက် စာချုပ်ပါအချက်အလက်များအပေါ် အထူးဂရုပြု၍ စနစ်တကျအသေးစိတ် ညှိနှိုင်းစိစစ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ တက်ရောက်ကြသော အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယနေ့ဆွေးနွေးမျှဝေမည့် “အပြည်ပြည် ဆိုင်ရာဉပဒေရေးရာ ကိစ္စရပ်များ” ခေါင်းစဉ်ပါအကြောင်းအရာကို  စေ့စေ့စပ်စပ်လေ့လာ၍ ဆွေးနွေးမေးမြန်းကြရန် တိုက်တွန်းပြောကြားသည်။

 

ဆွေးနွေးပွဲတွင်      နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန   ညွှန်ကြားရေးမှူး    ဦးသက်တင်လင်းက “အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များ” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း/အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံး များမှ အွန်လိုင်းဖြင့်တက်ရောက်သူများ အပါအဝင် ဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက် ကြသည်။

(သတင်းစဉ်)