သထုံ ဩဂုတ် ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် ၅ ရက် နံနက်ပိုင်းက သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်နှင့် ကတိုက်ကလေး၊ ကတိုက်ကြီး၊ မရမ်းကုန်းကျေးရွာတို့သို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် ကတ္တရာလမ်းပေါ် ရေကျော်ကာ ယာဉ်များ အသွားအလာ ခက်ခဲမှုဖြစ်ပွားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ဘီးလင်းမြစ်ရေတိုးလာကာ သုဝဏ္ဏဝတီမြို့ ကျိုက္ကော်-ကတိုက်ကျေးရွာသွား ကားလမ်းပေါ်တွင် မုဆိုးတံတားအနီးမှစ၍ ရေကျော်လျက်ရှိပြီး ဒေသခံများ၏ ယာဉ်နှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာမှု ခက်ခဲခဲ့ကြောင်း၊ ရေလွှမ်းမိုးမှုကြောင့် အဆိုပါ ကားလမ်းဘေးရှိ ကွင်းအမှတ်(၅၈၂၊ ၅၈၃၊ ၅၈၄၊ ၅၈၅)တို့သို့ ရေများစီးဝင်လျက်ရှိကာ မိုးစပါး စိုက်ခင်း ဧက ၂၀၀၀ ကျော်ခန့် ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကားလမ်းရေကျော်မှုကြောင့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သုဝဏ္ဏဝတီမြို့ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ လူမူကူညီရေး ပရဟိတအသင်း အဖွဲ့များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)