ရန်ကုန် ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် ဥပဒေချုပ်ဦးဌေးအောင် တို့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ သွားရောက်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေး မှူး၏ ကြီးကြပ်မှုဖြင့် ဌာနများမှဝန်ထမ်းများ ပူးပေါင်းအင်အား ၁၈၀ ဖြင့် ဝင်းအတွင်း မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှု၊ အုပ်မိုးကိုင်းများ ဖြတ်ညှိအလင်းဖွင့်နေမှု၊ အမှိုက်၊ သဲ၊ ခဲများလှဲကျင်းရှင်းလင်းနေမှု၊ ကန်ရေပြင်ကြည်လင်သန့်ရှင်းရေး မှော်၊ ဒိုက်များ ဆယ်ယူ ရှင်းလင်းနေမှု၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားသမားများ လှေလှော်လေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် တွံတေးမြို့နယ်၊ မွေးမြူရေးဇုန်စီမံကိန်း စီမံကိန်းလုပ်ငန်းခွင်အတွင်း မွေးမြူရေးဇုန်အဝင်လမ်း ကွန်ကရိခင်းနေမှုနှင့် တွံတေးမြို့ ရှောင်လမ်း လမ်းသားတိုးချဲ့ကွန်ကရိခင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်