ရန်ကုန် သြဂုတ် ၅

မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံလမ်းညွှန်ဆွေးနွေးသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၊ ပတ္တမြားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ရန်ကုန်မြင်းစီးအသင်း ( YECC )ဥက္ကဋ္ဌနှင့်  မြင်းစီးကလပ်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွဲ့ချုပ်များသည် နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် နိုင်ငံဂုဏ်ဆောင်နိုင်ရေး ဆောင်ရွက်ပေးနေခြင်းဖြစ်သည့်အတွက် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၏ လုပ်ဖော်ကိုင်ဖက်များအဖြစ် ခံယူထားပါကြောင်း၊ စည်းလုံးညီညွတ်မှုအားဖြင့် ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်  အားကစား နည်းပေါင်းစုံ၌ ကလပ်အသင်းများ ဖွဲ့စည်းရေးကို ဆောင်ရွက်လျက်ရှိပြီး အားကစား ကလပ်များသည် အဖွဲ့ချုပ်များတွင် မှတ်ပုံတင်၍ မိမိဝါသနာပါသော အားကစားနည်း အောင်မြင်ရေးကို ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ချုပ်အကြံပေး၊ ရန်ကုန် မြင်းစီးအသင်း၊ (AAA)မြင်းစီးကလပ်၊ ကြည်သာအေးမြ မြင်းစီးကလပ်၊  Gallop Myanmar မြင်းစီးကလပ်အသင်းနှင့် ရှမ်းပြည်နယ်မြင်းစီးအသင်းတို့မှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ် များက  လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်လိုသော လုပ်ငန်းရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယနေ့တွေ့ဆုံပွဲ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မြင်းစီးကလပ်အသင်းများ တိုးပွားလာရေးနှင့်မျိုးဆက်သစ်အားကစားသမားထွက်ပေါ်ရေး၊ အဖွဲ့ချုပ်နှင့် ကလပ်အသင်းများ အပြန်အလှန်အမီသဟဲပြု၍ အားကစားနည်းအောင်မြင်ရေးကို ပူးပေါင်းဆောင်ရွက်ပေးရေး၊ မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ဝင်းအတွင်းရှိ အမျိုးသား/အမျိုးသမီး(၄)ထပ် အိပ်ဆောင်တည် ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်းသို့ သွားရောက်၍ အလှူငွေကျပ် (၁၀)သိန်း ပေးအပ်ရာ ဥက္ကဋ္ဌ ဦးစိုးသိန်း က လက်ခံရယူသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဂေါက်သီးလေ့ကျင့်ရေးကွင်း တည်ဆောက် နေမှုနှင့်  မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်၌ မျိုးဆက်သစ်လူငယ်များ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

သတင်းစဉ်