နေပြည်တော် သြဂုတ် ၅
နိုင်ငံတော်၏ စားရေရိက္ခာဖူလုံပိုလျှံရေးနှင့် ပြည်သူများ၏ အာဟာရပြည့်ဝရေးတွင် အရေးပါသော သားငါးထုတ်လုပ်မှု တိုးတက်ရေးအတွက် ဘက်စုံကဏ္ဍစုံမှ ဖြည့်ဆည်း ကူညီပေးနိုင်ရေးနှင့် မွေးမြူရေးကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှု တိုးတက်လာရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၄ ရက်တွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၆) အစည်းဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြည်တွင်းစားသုံးမှု သာမက မွေးမြူရေးထွက်ကုန်အခြေခံ စားသောက်ကုန်ချော ထုတ်လုပ်တင်ပို့မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရေးကြိုးပမ်းလျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း တစ်ယူနစ်လျှင် ဝက်ကောင်ရေ (၁၀၀)ပါဝင်သည့် ယူနစ်(၇၀)မွေးမြူလုပ်ကိုင် နိုင်ရေး အတွက် မွေးမြူရေးတောင်သူများကို နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ ပေးမည်ဖြစ်၍ နည်းပညာနှင့် လိုအပ်သည့်ကူညီမှုများကို သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မျိုးမြှင့်ပေးခြင်း မျိုးကောင်းမျိုးသန့် သားပေါက်များ စီစဉ်ဆောင်ရွက်ပေးခြင်းနှင့်အတူ တိရစ္ဆာန်ကူးဆက်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ ငါးလုပ်ငန်းဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိ သူများက သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အွန်လိုင်းဖြင့် တက်ရောက်ကြသူများက ဒေသအလိုက် ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက်လျာထားချက်များ၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက် ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ရမည့် ဦးစားပေး လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာရှိ ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီ အော်ဂဲနစ်စိုက်ပျိုးရေးနှင့် ငါးမွေးမြူရေး လုပ်ငန်းခွင်ကိုလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ မွေးမြူရေးတောင်သူ ဦးဘုန်းမြင့်အောင် မွေးမြူထားသည့် မျိုးဝက်မ၊ မျိုးဝက်သိုး နှင့် အသားတိုးဝက်များ မွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာရှိ ငါးလုပ်ငန်းဦးစီးဌာန၊ ရေဆင်းငါးလုပ်ငန်းစခန်းတွင် ဆောင်ရွက်နေသည့် ငါးသားဖောက်ခြင်း၊ ငါးရှဉ့် မွေးမြူခြင်းနှင့် စားဖားမွေးမြူထားရှိမှု အခြေအနေများကို လည်းကောင်း၊ ရုံအမှတ်(၃၆) အနီးရှိ နို့စားနွားမွေးမြူရေး သရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံတွင် နို့စားနွားမွေးမြူထားရှိမှုနှင့် နွားစာမြက် နေပီယာ ပတ်ချောင်း(၁) မြက်စိုက်ခင်းကိုလည်းကောင်း၊ တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ၊ နိုက်ထရိုဂျင် အရည်ထုတ်စက်ရုံကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဌာနမှ မွေးမြူရေးပညာရှင်များနှင့် ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေး တောင်သူများအကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးနှင့် မွေးမြူရေးလုပ်ငန်းခွင် အခက်အခဲများ ပြဿနာများကို နည်းပညာရပ်အပိုင်းမှ ကူညီဖြေရှင်းပေးနိုင်မည့် အခွင့်အလမ်းများ ဖော်ထုတ်ဆောင်ရွက်ရန်လိုအပ်ချက်များကို ဒုတိယဝန်ကြီးက ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်