တောင်ကြီး သြဂုတ် ၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံကြီးနှင့် သင်္ကန်းကျွန်း စံပြပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ အထူးကုဆရာဝန်ကြီးများ၏ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀ နာရီက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး အထူးကုဆရာဝန်ကြီးများအား အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့သည်။

 

စဝ်စံထွန်းဆေးရုံကြီး၌ ပါမောက္ခ အထူးကုဆရာဝန်ကြီးများမှ နှလုံးရောဂါဆိုင်ရာများ ကုသပေးခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကုသပေးခြင်း၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှုပေးခြင်း၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသပေးခြင်း၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ ကုသပေးခြင်း၊ သွေးရောဂါဆိုင်ရာနှင့် အထွေထွေရောဂါများ ကုသပေးကြပြီး တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံမှ အထူးကုဆရာဝန်ကြီးများကလည်း သားဖွားမီးယပ်ရောဂါ၊ ကလေးလူနာရောဂါ ကုသပေးခြင်းများအပြင် ခွဲစိတ်မှုများ၊ အရိုး၊ သွားနှင့် ခံတွင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရေပြားရောဂါ၊ မျက်စိ၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး ရောဂါများကို စမ်းသပ်၊ ကုသပေးကြကြောင်း သိရသည်။

 

အဆိုပါ စဝ်စံထွန်းဆေးရုံကြီး၌ ပါမောက္ခ အထူးကုဆရာဝန်ကြီးများမှ ဆေးကုသပေးမှုအနေဖြင့် သြဂုတ် ၅ ရက်တွင် ဒေသခံပြည်သူများ ဆေးလာရောက်ကုသမှု (၂၃၀)ဦး၊ သြဂုတ် ၆ ရက်တွင် (၁၂၀)ဦး လာရောက်ဆေးကုသမှု ခံယူကြကြောင်းနှင့် (၂)ရက်သာ စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း (တောင်ကြီး)