နေပြည်တော် ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် မိုးတားလေးကျေးရွာ အတွင်းသို့ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဩဂုတ် ၅ ရက်တွင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အသက် ခုနစ်နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဩဂုတ် ၅ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ကသာမြို့နယ် မြေနုကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂၀၀ ခန့်အကွာမှ မိုးတားလေး ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ ဦးကျော်ဆန်း၏ နေအိမ်အပေါ်သို့ ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ အသက် ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့အရပ်သား ပြည်သူ ငါးဦးတို့တွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ရွှေကူမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။ ထို့ပြင် ရပ်ကွက်အတွင်း ပေါက်ကွဲမှုမရှိသေးသည့် ဗုံးသီးများ ကျန်ရှိမှုမရှိစေရေးနှင့် မလိုလားအပ်သော ပေါက်ကွဲမှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော လူနေရပ်ကွက်များအတွင်းသို့ အကြောင်းမဲ့ အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့် တုံ့ပြန်မှုများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်