ဩဂုတ် ၈
တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်သည့် ကုန်စည်ပြပွဲများ၌ မြန်မာနိုင်ငံမှ နှစ်စဉ်ပါဝင်ပြသလျက်ရှိရာ (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင်လည်း မြန်မာနိုင်ငံမှ ပါဝင်ပြသ မည်ဖြစ်သည်။ အဆိုပါ ကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center ၌ ဩဂုတ် ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် ဒုတိယအကြိမ်မြောက် Country of Honor အဖြစ် ပါဝင်ပြသမည်ဖြစ်ပြီး ပထမအကြိမ် Country of Honor အဖြစ် ၂၀၁၈ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် ပါဝင်ပြသခဲ့သည်။
ယခုနှစ်တွင် ကုန်စည်ပြပွဲနှင့် ဆက်စပ်၍ ဖိုရမ် (၁၀) ခုကျော်ကို တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်ပြီး ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များ တက်ရောက် ကြမည်ဖြစ်သည်။
ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှကုန်သည် လုပ်ငန်းရှင် စုစုပေါင်း ၁၀၀ ကျော်တို့က မြန်မာနိုင်ငံ၏ လယ်ယာ ထွက်ကုန်များ၊ စားသောက်ကုန်များ၊ လက်မှုပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာများအား ပါဝင်ပြသကြ မည်ဖြစ်ပြီး ဆက်စပ်စီးပွားရေး ဖိုရမ်များသို့ ပါဝင် တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့)