တနင်္သာရီ ဩဂုတ် ၈

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေသည် ဩဂုတ် ၁ ရက်မှစတင်၍ မြင့်တက်လာပြီး ဩဂုတ် ၇ ရက် ညနေ ၆ နာရီ ဆိပ်ခံတံတားရေမှတ်တိုင်တွင် တိုင်းထွာချက်အရ တနင်္သာရီမြို့ စိုးရိမ်ရေမှတ် (၁၇)ပေထက် (၁ ပေ ၅ လက်မ) ကျော်လွန်၍ ၁၈ ပေ ၅ လက်မအထိ ရောက်ရှိနေပြီဖြစ်ရာ မြို့နယ်အတွင်း အနိမ့်ပိုင်းနေရာ/ ကျေးရွာများတွင် မြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ မြစ်ရေမြင့်တက်နေမှုကြောင့် ဩဂုတ် ၇ ရက် ညနေ ၄ နာရီတွင် အနိမ့်ပိုင်းနေရာများဖြစ်သည့် ဆင်ခြေဖုန်းကျေးရွာအုပ်စု ဘန်းသဲကျေးရွာရှိ အိမ်ထောင်စု (၂၂)စုမှ လူဦးရေ (၁၁၆)ဦးအား ဘန်းသဲဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း၊ ကျောက်တလုံးကျေးရွာအုပ်စု မြေမအုံကျေးရွာရှိ အိမ်ထောင်စု (၁၈)စုမှ လူဦးရေ (၉၁)ဦးအား ဆိုင်ကလုန်း Shelter သို့လည်းကောင်း ရွှေ့ပြောင်းပေးခဲ့ပြီး ယနေ့အထိ အိမ်ထောင်စု (၄၆)စုမှ လူဦးရေ (၂၃၁)ဦးအား ယာယီကယ်ဆယ်ရေးစခန်းများနှင့် နီးစပ်ရာ ဆွေမျိုးအိမ်များသို့ ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိသည်။

 

အလားတူ နယ်စပ်ဒေသနှင့် တိုင်းရင်းလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် (၂)ခန်းတွဲ ဝန်ထမ်းအိမ်ရာနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာတို့တွင် မြစ်ရေများဝင်ရောက်နေမှုကြောင့် ဌာနပိုင်ပစ္စည်းများကို ရေလွတ်ရာ နီးစပ်ရာနေရာများသို့ ပြောင်းရွှေ့ခဲ့ရသည်။

 

မြို့ပေါ်ရပ်ကွက်အတွင်း မြစ်ရေများ လျော့ကျစေရေးအတွက် တာဝန်ရှိသူများက ရေထိန်းစက်ရုံရှိ ရေစုပ်စက် (၂)လုံး၊ (၈)လက်မ ရေထွက်ပိုက် (၄)လုံးတို့ဖြင့် ရေများစုပ်ထုတ်ပေးလျက်ရှိကြောင်း၊ တနင်္သာရီမြို့နယ်၏ စိုးရိမ်ရေမှတ်မှာ သာမန်မြစ်ရေအထက် (၁၇)ပေဖြစ်ပြီး အန္တရာယ်ရေမှတ်မှာ (၂၄)ပေ သတ်မှတ်ထားကြောင်း သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)