ကျောက်ပန်းတောင်း ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်မကြီး သမင်ခြံအနီးဝန်းကျင်နှင့် ပုပ္ပား-တောင်ကလပ်သွားလမ်း၊ ပုပ္ပား အခြေခံပညာအထက်တန်းကျောင်းနှင့် ဗျတ္တပန်းဆက်လမ်း၊ ကိုးထပ်ကွေ့ဝန်းကျင်တို့တွင် ရေနံသာညီနောင်များ အရိပ်ရသစ်ပင်စိုက်အဖွဲ့မှ ပုပ္ပားတောင် သဘာဝဥယျာဉ် ဝန်ထမ်းများ၊ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ အရိပ်ရ ပျိုးပင် ၂၀၀၀ ကျော်ကို ဆဋ္ဌမအကြိမ်အဖြစ် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးခြင်းကို မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်မှ သဘာဝချစ်မြတ်နိုးသူများဖြစ်ကြသည့် ရေနံသာညီနောင်များ သစ်ပင်စိုက်အဖွဲ့မှ ဦးဆောင်စိုက်ပျိုးခြင်းဖြစ်ကာ ရေနံသာညီနောင်များ သစ်ပင်စိုက်အဖွဲ့မှ ၂၁ ဦး၊ ပုပ္ပားတောင် သဘာဝဥယျာဉ် ဝန်ထမ်း ၁၀ ဦး၊ ကျောက်ပန်းတောင်းမြို့နယ် မဲတီးကျေးရွာ WINMERCY အမှိုက်ကောက်အဖွဲ့မှ အဖွဲ့ဝင်ကလေးငယ် ၃၅ ဦး စုစုပေါင်း ၆၆ ဦးဖြင့် ပုပ္ပားတောင်မကြီး သမင်ခြံအနီးဝန်းကျင်နှင့် ပုပ္ပား-တောင်ကလပ်သွား ကားလမ်းဘေး ဝဲ/ယာ၊ ပုပ္ပား အခြေခံပညာ အထက်တန်းကျောင်း ဝင်းအတွင်းနှင့် ဗျတ္တပန်းဆက်လမ်း ကိုးထပ်ကွေ့ လမ်းဘေး ဝဲ/ယာတို့တွင် စကားဝါပင်၊ ရေတမာပင်၊ မယ်ဇယ်ပင်၊ မာတာကွတ်ပင်၊ ကံ့ကော်ပင် အစရှိသည့် ပျိုးပင် အမြင့် ၃ ပေမှ ၅ ပေအထိရှိသည့် ပျိုးပင် ၂၀၀၀ ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
နေအောင်(ပြန်/ဆက်)