အမ်း ဩဂုတ် ၈

 

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ဩဂုတ် ၅ ရက်မှ ၈ ရက်အထိ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် ၈ ရက် နံနက်ပိုင်းက အမ်းချောင်းနှင့် သယုချောင်းရေ မြင့်တက်လာရာ ရေနစ်မြုပ်နိုင်သော မြေနိမ့်ပိုင်းရပ်ကွက်များရှိ အိမ်ထောင်စုများအား ရေဘေးလွတ်ကင်းမည့်နေရာများသို့ တာဝန်ရှိသူများက ပြောင်းရွှေ့ပေးလျက်ရှိသည်။

 

အမ်းမြို့ပေါ်ရှိ ရေဝင်ရောက်နိုင်သော အမှတ်(၃) စျေးရပ်ကွက်ရှိ အောက်ကျင်း၊ ဇာဒီမော်ကျေးရွာ၊ အောက်ရွာကျေးရွာနှင့် စျေးတောင်ရပ်ကွက် အနိမ့်ပိုင်းတို့မှ ရေးနစ်မြုပ်နိုင်သော အိမ်များအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားပြီး ရန်ကုန်-စစ်တွေလမ်းပိုင်း အမ်းမြောက်အုပ်စု ရွာသာယာကျေးရွာနှင့် အမ်း-တပ်တောင်လမ်းပိုင်းရှိ ဂယ်လောင်းကျေးရွာအနီးရှိ လမ်းမကြီးများပေါ် ရေကျော်ခြင်း၊ သယုချောင်းနှင့် အမ်းချောင်းရေ မြင့်တက်သဖြင့် ကမ်းပါးပြိုမှုများနှင့် တောင်ကျရေများကြောင့် ခရမ်းကျွမ်းကျေးရွာချင်းဆက်လမ်း မြေပြိုမှုများရှိကြောင်း သိရသည်။

 

အဆိုပါနေရာများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကာ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရေလွတ်သည့် နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး လိုအပ်သော ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

 

မြို့နယ်(ပြန်/ဆက်)