ကျောက်ဆည်၊ ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ် (ကျောက်ဆည်)တို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းတို့က အမှာစကားများပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာ ဗဟုသုတကြွယ်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရန်ရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက Moderator အဖြစ် ဆောင်ရွက်ကာ ဒုတိယနှစ် ကျောင်းသား/ကျောင်းသူများ ဖြစ်သည့် မောင်မြတ်ဘုန်းဟန်က လူငယ်နှင့် အနာဂတ်ပညာရေး၊ မမြတ်ဆုမွန်က လူငယ်နှင့် ယဉ်ကျေးမှု၊ မောင်သက်ထူးဇင်က လူငယ်နှင့် ကျန်းမာရေး၊ မယမင်းသက်ထားက လူငယ်နှင့် စည်းကမ်း၊ မရွှေစင်ဦးက လူငယ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မောင်ပြည့်ဦးဇင်က လူငယ်နှင့် ခေါင်းဆောင်မှု စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး တက်ရောက်လာသူများက ခင်းကျင်းပြသထားသော ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး၊ မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
သက်မောင်(ခရိုင် ပြန်/ဆက်)


