နေပြည်တော် ဩဂုတ် ၁၀

ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သပြေတန်းကျေးရွာ၌ ကွင်း/ဦးပိုင်အမှတ် ၁၆၄၂/၈၊ တောင်သူ ဒေါ်ယုယုလွင် ၏ လယ်တွင်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများတက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က စိုက်ပျိုးရေးလုပ်ငန်းများ ရာသီအချိန်မီ ဆောင်ရွက်နိုင်ရန် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ မဖြစ်မနေ ကူးပြောင်းဆောင်ရွက်ရ မည်ဖြစ်သည့်အတွက် စက်ဖြင့်ထွန်ယက်ခြင်း၊ စက်ဖြင့်မျိုးစေ့ချခြင်း၊ စက်ဖြင့်စိုက်ခြင်း၊ စက်ဖြင့်ရိတ်ခြင်း လုပ်ငန်းများကို မြို့နယ်များရှိ ထွန်စက်စခန်းကြီးများမှ တောင်သူများအတွက် ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာတွင် မျိုးကောင်းမျိုးသန့်များ အသုံးပြုခြင်း၊ နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ ရေကိုတန်ဖိုးထားသုံးစွဲခြင်းနှင့် သွင်းအားစုများ ပြည့်ပြည့်ဝဝထည့်သွင်းပြီး စနစ်တကျဆောင်ရွက်မည်ဆိုပါက စာရေရိက္ခာဖူလုံရေးနှင့် ဝမ်းစာပြည့်မီရေး အတွက် မိမိတို့လိုအပ်သော ပန်းတိုင်သို့ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်တွင် မိုးစပါးစိုက်ပျိုးမှုအခြေအနေ၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးမှူးက ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်တွင် သီးနှံအမျိုးမျိုးကို စက်ကိရိယာအသုံးပြု၍ စိုက်ပျိုးမှုအခြေအနေနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တောင်သူများ၏ မိုးစပါး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုနှင့် စပါးမျိုးစေ့ချပျိုးထောင်စက်၊ ကောက်စိုက်စက်နှင့် တွဲဘက်သုံး စပါးမျိုးစေ့ချကိရိယာ သရုပ်ပြဆောင်ရွက်နေမှုများကို ကြည့်ရှုကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ရေဆင်းရေလှောင် တမံရှင်းလင်းဆောင်၌  ရေအသုံးချသူများအဖွဲ့(WUG) တွေ့ဆုံခဲ့ပြီး နေပြည်တော်ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက  ရေဆင်းရေလှောင်တမံ ဆိုင်ရာ အချက်အလက်များ၊ ဆည်အတွင်းသို့ ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ စိုက်ပျိုးရေပေးဝေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကိုမှာကြားပြီး ဆည်အတွင်းရေဝင်ရောက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး သည်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးမင်းနောင်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊  တာဝန်ရှိသူများနှင့်အတူ မင်္ဂလာကန်အမှတ်(၂)၏ ကန်ပတ်လမ်းတွင် ဆောင်ရွက်နေသည့် မော်တော်ယာဉ်ရပ်နားရန် နေရာ ပါဝင်သော မြေယာရှုခင်းအတွက် မြေပြင်ဆင်နေမှုနှင့် ပန်းအလှပင်စိုက်ပျိုးမှု၊ ကြာနှင့် ဗေဒါများ၊ အမှိုက်များကို ဆယ်ယူရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး မင်္ဂလာ ကန်ရေပြင် ကြည်လင်သန့်ရှင်းစေရေး  ဆောင်ရွက်ကြရန် မှာကြားသည်။

သတင်းစဉ်