နေပြည်တော် ၁၈ ဖေဖော်ဝါရီ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ လှိုင်းဘွဲ့မြို့၏ မြောက်ဘက် ၃ မိုင် ကျော်ခန့်ရှိသော ထန်းတပင်တောင်ရှိ ဘုရားစေတီဟောင်းနှင့် ဘုန်းကြီး ကျောင်းနေရာ ပတ်ဝန်းကျင်တောအုပ်သည် ရှေးနှစ်ပေါင်းများစွာက တည်ထားခဲ့သော မြို့ဟောင်းနေရာတစ်ခုဖြစ်ရာ နိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအနေဖြင့် ပြန်လည် လေ့လာစိစစ်ဖော်ထုတ်ပြီး ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ရှေးဟောင်း အဆောက်အအုံနေရာများကို ရှေးဟောင်းတန်ဖိုး၊ သမိုင်းတန်ဖိုး၊ ဗိသုကာတန်ဖိုးနှင့် မြို့ဟောင်းနေရာများကို ယဉ်ကျေးမှုအမွေအနှစ်များ ကျန်ရှိသည့် အခြေအနေပေါ်မူတည်၍ လည်းကောင်း၊ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍လည်းကောင်း ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါကြောင်း၊ လှိုင်းဘွဲ့မြို့ဟောင်းသည် ဦးစားပေးထိန်းသိမ်းရမည့် စာရင်းတွင် မပါရှိသဖြင့် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးဇုန်အဖြစ် ထိန်း သိမ်းစောင့်ရှောက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ သို့သော်လည်း အဆိုပါ နေရာသည် သက်တမ်း နှစ် ၁၀ဝ ကျော်ပြီး မြို့ဟောင်းနေရာဖြစ်သောကြောင့် ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၃၊ ၂၀၁၅ ခုနှစ် ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅၁၊ ရှေးဟောင်း အဆောက်အဦများကာကွယ်ထိန်းသိမ်းရေး ဥပဒေများအရ ထိန်းသိမ်းကာကွယ်ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
တာမွေ မဲဆန္ဒနယ်မှ ဦးတိုးဝင်း၏ ပိုင်ဆိုင်မှုကိစ္စဖြင့် တရားရင်ဆိုင်ချိပ်ပိတ် ခံထားရသော သန္ထိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် ကျောင်းအတွင်းရှိ အများ ပြည်သူ လှူဒါန်းသမှု အစုစုတို့ကို အမှုကိစ္စမပြီးပြတ်ခင် ကာလအတွင်း ရန်သူမျိုးငါးပါး အန္တရာယ်မှ ကင်းဝေစေရန် မည်သည့်အဖွဲ့အစည်းမှ တာဝန်ယူ၍ မည်ကဲ့သို့ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကြည်မင်းက ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံးက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့သို့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ကျောင်းပစ္စည်းအခိုးခံရခြင်းကိစ္စနှင့် စပ်လျဉ်း၍ နောင်တွင် ခိုးယူခြင်းမခံရရေး အတွက် လုံခြုံရေးစနစ်တကျဆောင်ရွက်ရန် ဆက်သွယ်ညှိနှိုင်းစီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း။
ယခုအခါ ကျောင်းတော်ကြီး လုံခြုံမှုရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့သို့ လိုအပ် သည်များ ကူညီဆောင်ရွက်ပေးရန် ညွှန်ကြားထားရှိပြီးဖြစ်သည်ဟု သိရှိရပါကြောင်း၊ အဆိုပါ မဟာသန္တိသုခကျောင်းတော်ကြီးကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ အဋ္ဌာရသမအစည်းအဝေးက လက်ရှိအခြေအနေအရ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အတွက် မဟာသန္တိသုခဗုဒ္ဓတက္ကသိုလ်နာယကအဖွဲ့နှင့် မဟာသန္တိသုခကျောင်းတော် ကြီး ယာယီဂေါပကအဖွဲ့တို့ကို ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
မြင်းခြံ မဲဆန္ဒနယ်မှ ဦးစိန်မြင့်၏ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသော အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ ဆရာ၊ ဆရာမများ၏ လစဉ်ထောက်ပံ့ကြေးငွေကို တိုးပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကြည်မင်းက လက်ရှိထောက်ပံ့နေသော ငွေ၏ နှစ်ဆဖြစ်သည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း မူလတန်းသင် ဆရာ၊ ဆရာမ ၁ ဦးလျှင် ငွေကျပ် ၇၂၀ဝ၀၊ မူလတန်းလွန်နှင့် အလယ်တန်းသင် ဆရာ၊ ဆရာမ ၁ ဦးလျှင် ငွေကျပ် ၈၂၀ဝ၀၊ အထက်တန်းသင်ဆရာ၊ ဆရာမ ၁ ဦးလျှင် ငွေကျပ် ၉၀ဝ၀ဝ နှုန်းဖြင့် တိုးမြှင့် ထောက်ပံ့နိုင်ရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ လျာထားရေးဆွဲ တင်ပြခဲ့သော်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဘတ်ဂျက်မူဘောင် သတ်မှတ်ချက်အရ ထပ်မံတိုးမြှင့်ပေးနိုင်ခြင်းမရှိပါသဖြင့် ယခင်နှုန်းထားအတိုင်းသာ ထောက်ပံ့ပေးခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာ၊ ဆရာမထောက်ပံ့ငွေ ကို ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ထောက်ပံ့ပေးနေရခြင်း ဖြစ်ပါသဖြင့် တိုးမြှင့်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ သီပေါ မဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်၊ ညောင်လေးပင် မဲဆန္ဒနယ်မှ ဒေါက်တာဦးမြင့်သိန်းနှင့် တမူး မဲဆန္ဒနယ် မှ ဦးနိုင်နိုင်ဝင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ရှင်းလင်းဖြေကြားသည်။
ထို့နောက် မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင်က လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးမှု နည်းပါးသည့် မြို့နယ်များအပါအဝင် တိုင်းရင်းသားများနေထိုင်သည့် ပြည်နယ် များတွင် ကျေးရွာချင်းဆက်လမ်းများအား အလေးထားပြီး ပိုမိုဖောက်လုပ်အဆင့်မြှင့် တင်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်း ရာတွင် မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၃၇၂၉ ရွာ ရှိပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျေး လက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ခြင်းသည် မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက် နိုင်သည့် အချက်တစ်ချက်ဖြစ်ပါကြောင်း။
ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျေးရွာတစ်ရွာနှင့် တစ်ရွာ ဆက်သွယ်သွားလာနိုင်သည့် ကျေးရွာချင်းဆက်လမ်းများ အဆင်ပြေချောမွေ့ ကောင်း မွန်ရန်အရေးကြီးပါကြောင်း၊
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းသည် လူမှုစီးပွား များ ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် အခြေခံအချက်တစ်ချက် ဖြစ်ပါကြောင်း၊
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု မရှိခြင်းသည် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မှု မရှိရန်အတွက် ကြီးမားသည့် အဟန့်အတားဖြစ် နေသည်ကိုလည်း အထူးသတိပြုရန် လိုအပ်ပါကြောင်း၊ ဆိုးကျိုးများ၏ အဆုံးရလဒ်သည် ပညာကောင်းစွာ ဆက်လက် သင်ယူနိုင်သည့် အခွင့်အလမ်း နည်းပါးခြင်းကြောင့် ပညာရေးနိမ့်ကျလာပြီး လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးလာနိုင်ပါကြောင်း၊ ကျေးလက်လမ်းများ ကောင်းမွန် မှုမရှိခြင်းသည် ကျေးလက်နေပြည်သူများအတွက်သာ ဆုံးရှုံးနစ်နာမှုရှိသည် မဟုတ်ဘဲ တိုင်းပြည်တစ်ပြည်လုံးအတွက်ပါ ဆုံးရှုံးနစ်နာမှုဖြစ်သည်ကို နိုင်ငံတော်အစိုးရအနေဖြင့် သတိပြု၍ အလေးထားဆောင်ရွက်သင့်ပါကြောင်း။
ထို့ကြောင့် ကျေးလက်နေ တိုင်းရင်းသားပြည်သူများ ကြုံတွေ့နေရသည့် အခက် အခဲများကို ကျော်ဖြတ်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကျေးရွာချင်းဆက် လမ်းများကို ပိုမိုဖောက်လုပ်ပေးရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ကျေးရွာများ လမ်းပန်း ဆက်သွယ်ရေးလုံခြုံချောမွေ့လာပါက ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာပြီး ဒေသ ထွက်ကုန်များ ရာသီမရွေးပို့ဆောင်နိုင်ကာ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာမည် ဖြစ်ပါသောကြောင့် အဆိုအား ပြည်သူ့လွှတ်တော်မှ လက်ခံဆွေးနွေးပါရန် ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း က အဆိုအား လက်ခံ ဆွေးနွေး နိုင်ရန် ထောက်ခံ တင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)