နေပြည်တော်   ဩဂုတ်  ၁၁

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် တင်ရန် ရည်ရွယ်သည့် သောကြာနေ့စကားဝိုင်း (Friday Talk)၏ အမှတ်စဉ်(၂၅)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများမှ အွန်လိုင်းဖြင့် တက်ရောက် ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့တင်ပြဆွေးနွေးမည့် “ကော်ပိုရိတ် စီမံအုပ်ချုပ်မှု (Corporate Governance)နှင့် သီးခြားလွတ်လပ်သည့် ဒါရိုက်တာများ (Independent Directors)၏ အရည်အသွေးမြှင့်တင်ခြင်း” အကြောင်းအရာ ခေါင်းစဉ် အရ ကုမ္ပဏီများဖွဲ့စည်းတည်ထောင်ရာတွင် ဒါရိုက်တာများ၏ စီမံခန့်ခွဲနိုင်မှု၊ မျှတမှု၊ တာဝန်ယူမှုူနှင့် တာဝန်ခံမှု စသည့်အခန်းကဏ္ဍများ၊ ကုမ္ပဏီအဖွဲ့အစည်း၏ ပွင့်လင်းမြင်သာရှိမှုနှင့် သီးခြားလွတ်လပ်သော ဒါရိုက်တာများ ပါဝင် ဖွဲ့စည်းမှုဆိုင်ရာများကို တင်ပြဆွေးနွေးမည်ဖြစ်သဖြင့် လက်ရှိကမ္ဘာ့စီးပွားရေး အဖွဲ့အစည်း များနှင့် ကုမ္ပဏီများအတွက် မရှိမဖြစ်အခြေခံကျသည့် အကြောင်းအရာများကို သိနားလည်ခွင့် ရမည်ဖြစ်ပါကြောင်းနှင့် တက်ကြွစွာပါဝင်ဆွေးနွေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိမွန်ဇာက “ကော်ပိုရိတ်စီမံအုပ်ချုပ်မှု (Corporate Governance) နှင့် သီးခြားလွတ်လပ်သည့် ဒါရိုက်တာများ (Independent Directors)၏ အရည်အသွေးမြှင့် တင်ခြင်း” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြသည်။

(သတင်းစဉ်)