နေပြည်တော်  ဩဂုတ် ၁၁ 

 

ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ကကြီးမှူး၍ ရန်ကုန်စတော့အိပ်ချိန်းနှင့် ပူးပေါင်းကျင်းပသော အစုရှယ်ယာရှင်(၁၀၀)နှင့်အထက်ရှိသည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများနှင့် စပ်လျဉ်း၍ စဉ်ဆက်မပြတ်ဖွင့်ဟထုတ်ဖော်ခြင်း၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် ရန်ကုန်စတော့အိပ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက်(Pre Listing Board – PLB) နှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်စတော့ အိပ်ချိန်းခန်းမ၌ ကျင်းပသည်။

 

အဆိုပါဆွေးနွေးပွဲသို့ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ရန်ကုန်စတော့ အိတ်(စ်)ချိန်း၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများနှင့် အစုရှယ်ယာရှင် ၁၀၀ အထက်ရှိ သည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ယနေ့ ဆွေးနွေးပွဲတွင် အများနှင့် သက်ဆိုင်သောကုမ္ပဏီများက စဉ်ဆက်မပြတ်ဖွင့်ဟထုတ်ဖော်ခြင်း၊ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စာရင်းဝင် အကြိုဈေးကွက်ကိစ္စရပ်များကို  ရှင်းလင်းဆွေးနွေးကြမည်ဖြစ်ရာ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြ စေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကော်မရှင်ရုံးတာဝန်ရှိသူများက စဉ်ဆက်မပြတ် ဖွင့်ဟထုတ်ဖော်ခြင်းဆိုင်ရာကိစ္စများ၊ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စများ၊ စာရင်းဝင်အကြိုဈေးကွက်ဆိုင်ရာ စံသတ်မှတ်ချက်များကို ရှင်းလင်း တင်ပြကြပြီး မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Myanmar Agro Exchange Public Co., Ltd) ဒါရိုက်တာက အများနှင့်သက်ဆိုင်သောကုမ္ပဏီများအနေဖြင့် ရန်ကုန်စတော့ အိပ်ချိန်းတွင် စာရင်းဝင်ရောက်ခြင်းဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစုရှယ်ယာရှင် (၁၀၀) နှင့်အထက်ရှိသော အများနှင့်သက်ဆိုင်သော ကုမ္ပဏီများမှ တာဝန်ရှိသူ များက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကော်မရှင်ရုံး၌ ကျင်းပသည့် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ (၇/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်၍ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စများကို ဆွေးနွေးမှာကြား သည်။

ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာများအား နေ့စဉ်ရောင်းဝယ် လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဇူလိုင် ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံသူဦးရေ(၄၅၆၉၉)ဦး ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စာရင်းဝင်ကုမ္ပဏီ(၈)ခု၏ ရှယ်ယာစုစုပေါင်း (၁ ဒသမ ၄၃၅)သန်း၊ တန်ဖိုးငွေကျပ် ၃ ဒသမ ၄၄၆ ဘီလီယံ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးငွေကျပ် ၆၉၂ ဒသမ ၄၃ ဘီလီယံရှိ ကြောင်း သိရသည်။

(သတင်းစဉ်)