နေပြည်တော် ဩဂုတ် ၁၁

 

ပြည်ထောင်စုနယ်မြေနေပြည်တော် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တိုင်းအဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နေပြည်တော် အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ အခမ်းအနားကို Grade-9 ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ ကျောင်းသီချင်းဖြင့်” သီဆိုဖွင့်လှစ်သည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျောင်းသားလူငယ်များ၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန်နှင့် ကျန်းမာပျော်ရွှင်သည့် ပညာသင်ယူမှု ပတ်ဝန်းကျင်ကောင်းဖန်တီးနိုင်စေရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက် လျက်ရှိပြီး ကျန်းမာရေးအဆင့်မြှင့်ကျောင်းများကိုလည်း ထူထောင်လျက်ရှိကြောင်း၊ ကျောင်းသား လူငယ်များ၏ ကျန်းမာရေးပြည့်စုံကောင်းမွန်နေရုံသာမက ဗလငါးတန်ပြည့်စုံသည့် လူငယ် များ မွေးထုတ် နိုင်ရန်အတွက် ကျောင်းသား၊ကျောင်းသူများအပါအဝင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြားနှီးနွယ် ဌာနများ၊ အဖွဲ့အစည်းများနှင့် မိဘပြည်သူလူထုတို့ ပူးပေါင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျောင်း ကျန်းမာရေးနှင့်ပတ်သက်၍ ကျန်းမာရေးဌာနမှ ဆောင်ရွက်ထားရှိမှုများနှင့် နေပြည်တော်ပညာ​ရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ ပညာရေးဌာနမှ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ Grade-5 ကျောင်းသား၊ ကျောင်းသူများက “Go Away Corona” သီချင်း ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူများက “မင်္ဂလာပါ” သီချင်းဖြင့် လည်းကောင်း၊ Grade-8 ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် လည်းကောင်း သီဆိုကပြဖျော်ဖြေကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အာဟာရအုပ်စုများ အကြောင်း၊ ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်း၊ လက်ဆေးခြင်း၊ သွားတိုက်ခြင်း၊ School health record card and eye examination ပြခန်းများ၊ ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်ခံတွင်းကျန်းမာရေး ကုသပေးနေမှုများကို ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများ နှင့်တွေ့ဆုံကာ ထူးချွန်ထက်မြက်သော၊ လူရည်ချွန် ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြား၍ သန်ချဆေးတိုက်ကျွေးပြီး အာဟာရလက်ဆောင်များ ပေးအပ်သည်။

 

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ရောက်ရှိပြီး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်တွေ့ဆုံရာ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေး၊ မြို့နယ်အုပ်ချုပ်ရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာများ ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး မှာကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဆောင်ရွက်လျက်ရှိသည့် ပြည်သူများအား ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)