နေပြည်တော် ဩဂုတ် ၁၂
၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ် များနေ့အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က ၂၀၂၃ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များ နေ့အတွက် “ကမ္ဘာကြီး ရေရှည်တည်တံ့ဖို့ လူငယ့်စွမ်းအားဖြင့် ဖန်တီးစို့” ဆောင်ပုဒ်နှင့်အညီ မျိုးဆက်သစ်လူငယ်များ အချင်းချင်းပူးပေါင်း၍ လူငယ်များ၏စွမ်းအားကို အသုံးပြုပြီး ကမ္ဘာကြီးရေရှည် တည်တံ့နိုင်စေရေးအတွက် အရှိန်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ စနစ်တကျချမှတ်၍ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဦးဆောင်ဝန်ကြီးဌာနများဖြစ်သည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများအပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့်အတူ ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးအသိဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် ထူးချွန်သည့် နိုင်ငံ့ဂုဏ်ဆောင်လူငယ် မောင်/မယ်များကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဝိုင်းဝန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အနာဂတ်တွင် တိုင်းချစ်ပြည်ချစ်စိတ်ရှိပြီး စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သည့် လူကောင်းလူတော်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များ၏ စွမ်းပကားဖြင့် လူမှုစီးပွားဘဝ သာယာဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ဖန်တီးပုံဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr.Antonio Guterres က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ပေးပို့လာသည့် သဝဏ်လွှာကို မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် က ဖတ်ကြားခဲ့ပြီး ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်း (Video Clip)ကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက ထူးချွန်ဆုရလူငယ်များအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ပြီး လူငယ်များကိုယ်စား ထူးချွန်လူငယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်