နေပြည်တော် ဩဂုတ် ၁၂
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ သုခဝတီပြည်သူ့အငှားအိမ်ရာ စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါအိမ်ရာ စီမံကိန်း၌ ကျင်းပသည်။
အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၊ ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေး ဦးစီးကော်မတီ ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) ၊ မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ် (MCEF) နှင့် မြန်မာမြို့ပြနှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA) တို့မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နှင့် တာဝန်ရှိသူတို့က သုခဝတီပြည်သူ့ အငှားအိမ်ရာဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့က သုခဝတီ ပြည်သူ့အငှားအိမ်ရာ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သုခဝတီပြည်သူ့အငှားအိမ်ရာ ဖွင့်ပွဲအထိမ်းအမှတ် အိမ်ရာပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် သာယာလှပစေရေးအတွက် သတ်မှတ်နေရာ များတွင် ကံ့ကော်၊ မဟော်ဂနီ၊ ပိတောက်၊ ငု နှင့် ခရေပင်များ စိုက်ပျိုးပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အငှားအိမ်ရာ စီမံကိန်းအတွင်း အိမ်ခန်းတစ်ခန်း၏ နမူနာခင်းကျင်း ပြသထားမှုကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူများအတွက် ပြင်ပငှားရမ်းခများထက် သက်သာသည့်နှုန်းထားများဖြင့် ငှားရမ်းနေထိုင်နိုင်ရေး နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့တို့တွင် ပြည်သူ့အငှားအိမ်ရာများကို နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုအနေဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မန္တလေးမြို့တွင် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာကို ဇွန် ၃၀ ရက်တွင် ဖွင့်လှစ်ပေးခဲ့ပြီး အိမ်ခန်းပေါင်း (၁၄၅၆) ခန်းကို ပြည်သူများသို့ နေရာချထားပေးပြီးဖြစ်ပါကြောင်း ၊ ယခု နေပြည်တော်၊ သုခဝတီ ပြည်သူ့အငှားအိမ်ရာတွင် အိမ်ခန်းပေါင်း (၄၄၈)ခန်းကို ပြည်သူများသို့ နေရာချ ထားပေးမည်ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင်လည်း အိမ်ခန်း ပေါင်း (၃၁၀၄)ခန်း ကို ပြည်သူများသို့ နေရာချထားနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က သုခဝတီပြည်သူ့အငှားအိမ်ရာ တည်ဆောက်ပေးခြင်းနှင့်စပ်လျဉ်း၍ နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ၊ နိုင်ငံ့ ဝန်ထမ်းများနှင့် ဝင်ငွေနည်းပြည်သူများအတွက် များစွာအကျိုးရှိသည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်(MCEF)မှ တာဝန်ရှိသူတစ်ဦးက ပြည်သူ့အငှားအိမ်ရာစီမံကိန်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး အိမ်ရာငှားရမ်းနေထိုင်ခွင့်ရရှိသူများ ကိုယ်စားအိမ်ခန်းရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့် သုခဝတီပြည်သူ့အငှားအိမ်ရာသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင်တည်ရှိပြီး နေထိုင်သူများအဆင်ပြေစေရန် အိမ်ခန်း (၁) ခန်းလျင် ဧည့်ခန်း၊ အိပ်ခန်း (၂)ခန်း၊ မီးဖိုခန်းနှင့် ရေချိုးခန်း/သန့်စင်ခန်းတို့ပါဝင်သည့် (၄) ခန်းတွဲ(၅)ထပ် အဆောက်အဦ (၂၈)လုံး၊ အိမ်ခန်းပေါင်း (၄၄၈)ခန်းကို ဆောင်ရွက်ပြီးစီး၍ ပြည်သူများအား နေရာချထားပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်