နေပြည်တော် သြဂုတ် ၁၂

ဒုတိယအကြိမ် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဇေယျာ သီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန တောင်သူလယ်သမား အခြေပြု ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က  နိုင်ငံ၏စားရေရိက္ခာ ဖူလုံပိုလျှံရေးနှင့် တောင်သူများ ဝင်ငွေ တိုးတက်ရေးအတွက် နည်းပညာနှင့်အကူအညီများ ပံ့ပိုးပေးလျက်ရှိပြီး စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ လက်တွေ့ဆုံးဖြတ် ဆောင်ရွက်ချက်သည် တောင်သူများကိုယ်တိုင် ဆောင်ရွက်ရခြင်းဖြစ်၍ မှန်ကန်သောဆောင်ရွက်မှုဖြစ်ရန် အသိပညာပေးလုပ်ငန်းများ၊ တောင်သူများ အတွေ့အကြုံနှီးနှောဖလှယ်နိုင်ရေးနှင့် အခက်အခဲကျော်ဖြတ်နိုင်မည့် နည်းလမ်းများကို ညှိနှိုင်းအဖြေရှာဆောင်ရွက်နိုင်စေရန် တောင်သူနည်းပညာ ပေးဆွေးနွေးပွဲကို အပတ်စဉ်ကျင်းပပေးလျက်ရှိကြောင်း ပြောကြားသည်။

ယနေ့ကျင်းပသည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီ အတွင်းမှ တောင်သူများတက်ရောက်ကြပြီး စိုက်ပျိုးရေးဦးစီးဌာနပညာရှင်များနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသီများက မိုးစပါးအခြောက်စိုက်ခင်းများတွင် ဖိုးလမင်းကျိုင်းများ ကျရောက်ဖျက်စီးမှု ကြိုတင်ကာကွယ်ရေးနှင့် နှိမ်နင်းနည်းစနစ်များ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ နည်းပညာ ပြန့်ပွားရေးစင်တာတွင် သဘာဝမြေဆွေး လက်တွေ့ပြုလုပ်ပြသထားမှုကို လာရောက် လေ့လာလျက်ရှိသည့် စိုက်ပျိုးရေးသိပ္ပံကျောင်းသားကျောင်းသူများကို တွေ့ဆုံ၍ သီးနှံပင်များအတွက် လိုအပ်သည့် အာဟာရဓါတ်များ အချိုးညီညီရရှိစေရန် ဓါတ်မြေဩဇာသာမက သဘာဝမြေဆွေးများနှင့် ရောစပ်အသုံးပြုရန် လိုအပ်ချက်များ၊ သီးနှံအကြွင်းအကျန်ကိုအသုံးပြု၍ သဘာဝမြေဆွေးများ တစ်နိုင်တစ်ပိုင် ထုတ်လုပ် သုံးစွဲခြင်းဆိုင်ရာ နည်းစနစ်များကို လေ့လာရန်နှင့် လုပ်ငန်းခွင်ဝင်ရောက်ချိန်တွင် အကျိုးရှိစွာ ပြန်လည်အသုံးပြုကြရန် မှာကြားသည်။

သတင်းစဉ်