နေပြည်တော် သြဂုတ် ၁၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်ရှိ နတ်မှော်ရေတင်လုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပင်မရေပေးမြောင်းအတွင်း သဲနုန်းပို့ချမှုကို ဖယ်ထုတ်ရှင်းလင်းရန်နှင့် စိုက်ပျိုးရေအကျိုးပြုဧရိယာ တိုးမြှင့်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း (ရွှေတောင်မြို့)သို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာကြီး၊ ဆရာဆရာမများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေး အထူးပြုဘာသာရပ် သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးကာ လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ကျောင်းသားကျောင်းသူများ လက်တွေ့စိုက်ပျိုးထားသော စပ်မျိုး နေကြာမျိုးစေ့ထုတ် စိုက်ခင်းများ၊ ရာသီသီးနှံစိုက်ခြင်းများ၊ စင်တင်သီးနှံများ၊ နှစ်ရှည် ပင်များ၊ ဟင်းသီးဟင်းရွက်သီးနှံစိုက်ခင်းများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သဲကုန်းမြို့နယ်ရှိ အင်းမအင်းနှင့် အင်းမရေထိန်း ဆည် ရေစီးရေလာကောင်းမွန်စေရေး၊ အင်းအတွင်းသို့ဝင်ရောက်သော ချောင်းလက်တတ် များတွင် ချောင်းပိတ်မြောင်းပိတ်လုပ်ငန်းများ ဆောင်ရွက်ပြီး စိုက်ပျိုးဧက တိုးချဲ့စိုက်ပျိုးနိုင် ရေးနှင့် နတ္တလင်းမြို့နယ်ရှိ ကျခတ်ဝါးရုံ ရေတံခါးတွင် စနစ်တကျ လယ်ယာမြေ ဖော်ထုတ်မည့် အခြေအနေများ၊ ဇီးကုန်းမြို့နယ် ဂွေးပင်ကုန်းရေတံခါး တောင်ညိုဆည် ရေသောက်မှ အသုံးပြုစီးဆင်းလာသည့် ပိုလျှံရေများဖြင့် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုး နိုင်မည့် ရေပေးမြောင်းနှင့် ဆက်စပ်ရေအား အဆောက် အအုံလုပ်ငန်းများ တည်ဆောက် ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ရေရရှိရေး နည်းလမ်းများတွင် ပူးပေါင်းလုပ်ဆောင်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် သာယာဝတီခရိုင် မင်းလှမြို့နယ်နှင့် မိုးညိုမြို့နယ်အစပ် ထန်းပင်ကုန်း ကျေးရွာအနီး မြစ်မခမြစ်ဝှမ်း ‌ရေနက်ကွင်းအတွင်း ငါးကန်ဧက(၁၀၀) စွန့်ဦးတီထွင် လုပ်ကိုင်ရန်တင်ပြထားသည့် နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေး သိပ္ပံကျောင်း (သာယာဝတီ)၌ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပဲခူးမြို့နယ် မြို့ဦးကင်းတံတားအနီး ပဲခူးမြစ်တာ ကြံ့ခိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှုလေ့ ကျင့်ရေးဌာနခွဲ(ITC) အစည်းဝေးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီး၏ စားရေရိက္ခာဖူလုံပိုလျှံရေး၊ လယ်ယာထွက်ကုန်အခြေခံ ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ရေအသုံးချသူများအသင်း ဖွဲ့စည်းပြီး သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်