မြင့်စိုး(နတလ)
နတလ၊ ဖဖရနှင့်နာမည်ကျန်သွားသည့် နောင်တော်ကြီးများ
ကျွန်တော်က ၁၉၉၅ ခုနှစ်တွင် တပ်မတော်သားဘဝမှ နယ်ဘက်တာဝန် ကူးပြောင်း ထမ်းဆောင်ခဲ့သူဖြစ်၏။ ထိုစဉ်က အများအခေါ် နတလတွင် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ကိုးကန့်ဒေသ၊ ‘ဝ’ ဒေသ ပန်ဆန်း၊ မိုင်းမော၊ ဝိန်းကောင်၊ ကချင်အထူးဒေသ (၁) နှင့် (၂)၊ မွန်၊ ကရင်၊ မော်ဖဒေသ (မက်မန်း)၊ ကဘော်ချိုင့်ဝှမ်းဒေသများသို့ အလှည့်ကျ သွားရောက်တာဝန် ထမ်းဆောင်နေရချိန်ဖြစ်သည်။ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်ခဲ့သည့် ၁၉၈၉ ခုနှစ်မှ ၁၉၉၁၊ ၁၉၉၂ ခုနှစ် အချိန်ကာလများအထိ နယ်စပ်ဒေသများတွင် ကား လမ်းများမပေါက်သေး၊ တယ်လီဖုန်းမရှိ၊ ရုံးမရှိ၊ ကျောပိုးအိတ်တစ်လုံးနှင့် ရှေ့ တန်းထွက်သလို သွားခဲ့လာခဲ့ကြရသည်။ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ စာတိုက်နှင့် ကြေးနန်းရုံးများ စသည်တို့ကို စတင်တည်ဆောက်ဖွင့်လှစ်ကြရသည်။ နတလဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီအောက်က သက်ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီအလိုက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆက်သွယ်ရေး၊ ပြန်ကြားရေးဝန်ထမ်းများလည်း ၁၉၈၉ ခုနှစ်ကတည်းက နယ်စပ်ဒေသများသို့ ကူးချည်သန်းချည် သွားလာနေကြရပြီဖြစ်၏။ နတလ လုပ်ငန်းကော်မတီကို တာဝန်ခံထားရသော ကျွန်တော်တို့ နတလ (ထိုစဉ်က ဦးစီးဌာနအဖြစ်ပင် ဖွဲ့စည်းပုံမကျသေး) က လုပ်ငန်းအားလုံးကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးနေရသော အချိန်ကာလတစ်ခုပါပေ။ ပန်ဆန်းမြို့အဖြစ် တဖြည်းဖြည်း ကူးပြောင်းလာမည့် ပန်ဆန်းကျေးရွာငယ်လေးကိုပင်လျှင် ၁၉၉၂-၉၃ ခုနှစ်လောက်မှစတင်၍ မြေထိုး မြေညှိလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်၏။ လောက်ကိုင်သည်လည်း အစောပိုင်းကာလများက ရွာငယ်လေး တစ်ရွာမျှသာ. . . ။
၁၉၉၄ ခုနှစ်မှာ စာပေနယ်သို့ ရောက်ရှိပြီး ကလောင်နာမည် မြင့်စိုး၊ မြင့်စိုး(လေးမျက်နှာ) တို့ဖြင့် နေ့စဉ်ထုတ် သတင်းစာများနှင့် မြက်ခင်းသစ် စသည်တို့တွင် ဆောင်းပါး၊ စာစုများ စတင်ရေးသားနေပြီဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် ရေးသားခဲ့သော “ကဘော်ချိုင့်ဝှမ်းဒေသ၊ နတလနှင့် ဘဝသစ်စီမံကိန်း” ဆောင်းပါး မှအစပြု၍ ကလောင်အမည် မြင့်စိုး (နတလ)ကို ကျွန်တော်ယူခဲ့ခြင်းဖြစ်၏။ ကျွန်တော်ကိုယ်တိုင် ကိုးကန့်ဒေသ၊ ‘ဝ’ ဒေသနှင့် ၁၉၉၆ ခုနှစ်က MTA အဖွဲ့ လက်နက်စွန့်ခဲ့သော ဟိုမိန်းဒေသများ၌ တာဝန်ထမ်းဆောင်အပြီးတွင် နယ်စပ်ဖွံ့ဖြိုးရေးဆောင်းပါးများ အရေး များလာခဲ့သည်။ အထူးသဖြင့် ၁၉၉၈ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်ကြားမှာ အများဆုံး ဖြစ်ပါလိမ့်မည်။ နယ်စပ်ဒေသများကို သွားခဲ့ကြသည့် နောင်တော်ကြီးများ၊ သူတို့၏အတွေ့အကြုံများကို အမှတ်တရ ပြန်ရေးသောအခါ နာမည်များက အလိုလို ပါလာပါတော့သည်။ ဗိုလ်မှူးဌေးမြင့်၊ ဗိုလ်မှူးစိုးအောင်၊ ဗိုလ်မှူးသန်းထူး၊ ဗိုလ်မှူးတင်မောင်အေး၊ ဗိုလ်မှူးစိုးသန်း၊ ဗိုလ်မှူးနေဝင်း၊ ဒုတိယဗိုလ်မှူးကြီး ညီဖြူ၊ ဒုတိယဗိုလ်မှူးကြီးသန်းဌေး၊ ဗိုလ်မှူးတင်ဝင်း၊ ဗိုလ်မှူးဉာဏ်လင်းမြင့်၊ ဗိုလ်မှူးတင်ဖေ၊ ဦးညီညီ၊ ဦးအေးလွင် စသည်ဖြင့် . . . ။
မြင့်စိုး - မင်းဆောင်းပါးရေးတိုင်း ငါ့နာမည်တစ်ခါမှမပါဘူးကွ၊ ပန်ဆန်းကို ငါအရင်ဆုံးသွားခဲ့တာ၊ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး နတလရုံးချုပ်ကို ကြေးနန်းပြန်ပို့တဲ့အခါ ပေးပို့သူလိပ်စာနေရာမှာ ဘယ်လိုနာမည် သုံးရမလဲဆိုတာ စဉ်းစားခဲ့ရတယ်။ ဒေသဖွံ့ဖြိုးရေး၊ နယ်စပ်ဖွံ့ဖြိုးရေးကို ကိုယ်စားပြုရာရောက်တဲ့ ဖဖရဆိုတဲ့စကားလုံးကိုလည်း ငါတို့ပန်ဆန်းကနေ စသုံးခဲ့တာ စသည်ဖြင့် နောင်တော်ကြီး ဦးခင်လတ် က ကြေကွဲစွာ ပြောဆိုစကားနာထိုးပါ လေတော့သည်။ အမှန်စင်စစ်လည်း ဗိုလ်မှူးခင်လတ်၊ ဗိုလ်မှူးတင်လတ် ဆိုသည့် ပုဂ္ဂိုလ်များက ကျွန်တော်ရောက်သွားချိန်၌ နတလမှာ မရှိတော့ပြီ။ စည်ပင်ဘက်ကို ရောက်ကုန်ကြပြီဖြစ်၏။ ကျွန်တော်နှင့် မဆုံလိုက်၍လည်းကောင်း၊ ပန်ဆန်း/ မိုင်းမောဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူစာရင်းမှာ ကျန်သွား၍ ဖြစ်ပါကြောင်း ပြန်လည် ရှင်းပြတောင်းပန်လိုက်ရ၏။ ယခုလည်း မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့် ဝန်ကြီးဌာနအသီးသီး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် စေတနာရှင်၊ အလှူရှင်၊ အနုပညာရှင်များကို ကျွန်တော်မှတ်သားသိရှိထားသလောက် ဂုဏ်ပြုဆောင်းပါးများ ရေးလိုက်ချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးရဲတင့် နာမည်ကျန်သွားခဲ့၍ တောင်းပန်လိုက်ရသေး၏။ သူကလည်း ကျွန်တော့်ကို နောက်ပြောင် ကျီစယ်လို၍ မင်းရေးတဲ့အထဲမှာ ငါ့နာမည်မပါဘူးကွဟု လှမ်း၍ပြောလိုက် ခြင်းရယ်သာ။
ပြန်ကြားရေးဝန်ကြီးဌာန၏ ဝီရိယနှင့်စေတနာ
အမှန်ကမူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နောင်တော်ကြီး ဦးရဲတင့် သည် မိုခါမုန်တိုင်း ငြာသံပေးနေသည့် မေလ ၁၀ ရက်နေ့ကတည်းက ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်၊ အိမ်မဲ၊ မြောင်းမြမြို့တို့ကို ရောက်နေခဲ့ပြီ။ မိုခါကလည်း ဧရာဝတီလိုလို၊ ရခိုင်လိုလို ဖြစ်နေချိန်ဖြစ်၍ ဧရာဝတီသို့ အရင်သွားခြင်းဖြစ်ပါလိမ့်မည်။ မုန်တိုင်းနှင့် ပတ်သက်၍ အသိပညာပေးရေး၊ သတင်းများအချိန်မီ ရယူထုတ်ပြန်ပေးရေး၊ ကွပ်ကဲမှုအောက် ရုံးများအားလုံး ထိခိုက်ဆုံးရှုံးမှုမရှိအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရေး မှာကြားဆောင်ရွက်ခဲ့သည့်အပြင် မြစိမ်းရောင်တောင်ပေါ် ဒေသတွင် သဘာဝဘေး လာရောက်ရှောင်တိမ်းနေကြသော လပွတ္တာ ကမ်းခြေကျေးရွာများမှ ရွာသူ ရွာသား ၉၆၀ ခန့်ကို တွေ့ဆုံအားပေးစကား ပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ ထောက်ပံ့ငွေကျပ် ငါးသိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။
ထိုမှ ကျွန်တော့်မွေးရပ်မြေ လေးမျက်နှာအနောက်ခြမ်း၊ ငါးသိုင်းချောင်း-ဂွ ကားလမ်းအတိုင်း မေလ ၁၁ ရက်နေ့တွင် ဂွနှင့် ကျိန္တလီမြို့နယ်တို့သို့ လည်းကောင်း၊ မေလ ၁၂ ရက်နေ့တွင် သံတွဲမြို့သို့လည်းကောင်း ရောက်ရှိပြီး ထပ်ဆင့်လွှင့်စက်ရုံများ ထိခိုက်မှုနည်းစေရေးနှင့် ထုတ်လွှင့်မှုမပြတ်တောက်စေရေး၊ စာကြည့်တိုက်များနှင့် ရုံးစာရွက် စာတမ်းများမပျက်စီးစေရေး၊ မုန်တိုင်းအသိပညာပေး ရေးကိစ္စများအပြင် မုန်တိုင်းလွန်ကာလ၌ ကျောင်းအပ်နှံမှု ကိစ္စရပ်များကိုလည်း လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ပါ သည်။ ဒုတိယဝန်ကြီး ဦးရဲတင့် သည် မေလ ၁၂ ရက်နေ့ ညနေပိုင်းတွင် သံတွဲ ခရိုင်အတွင်းရှိ သဘာဝဘေးခိုလှုံရာ နေရာများဖြစ်သော ဝါးတောင်ကွင်း ဘုန်းကြီးကျောင်း၊ အောင်ဓမ္မရိပ်သာကျောင်း၊ မင်္ဂလသုခကျောင်းတို့သို့ သွားရောက်ပြီး ပင်လယ်ကမ်းခြေအနီး ကျေးရွာများမှ ခေတ္တလာရောက်နေထိုင်ကြသော ရေလုပ်သားမိသားစုဝင်များနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ ပြန်ကြားရေးဝန်ကြီးဌာနက ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ရိက္ခာများနှင့် အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
သတင်းနှင့် ပြန်ကြားရေး လုပ်ငန်းကော်မတီ
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ ၁၂ ခုအနက် သတင်း နှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီသည် လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းကော်မတီအနေဖြင့် သဘာဝဘေး မကျရောက်မီအချိန်ကပင် ကြိုတင်၍ မုန်တိုင်းသတင်းများ၊ သဘာဝဘေးဆိုင်ရာ ပညာပေးအစီအစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ရေဒီယို၊ FM၊ နိုင်ငံပိုင်သတင်းစာများမှ ထုတ်လွှင့်ဖော်ပြပေးခဲ့သလို အွန်လိုင်းစာမျက်နှာ များဖြစ်သော MOI webportal၊ Myanmar Digital News website များ၊ လူမှုကွန်ရက် စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးခဲ့သည်။ သက်ဆိုင်ရာဝန်ကြီးဌာနများက ပေးပို့လာသည့် အသိပညာပေးအစီအစဉ်များ ကိုလည်း ထုတ်လွှင့်ရေးသားဖော်ပြခဲ့သည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ဝေသော မုန်တိုင်း အသိပညာပေး လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ် ၁၇ မြို့နယ်၌ ဖြန့်ဝေခဲ့သည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်ပေးနေသော မုန်တိုင်းသတိပေးချက်၊ လေဖိအားနည်းရပ်ဝန်း အခြေအနေ ထုတ်ပြန်ချက်များကို အထက်ပါအတိုင်း အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ မြို့နယ်များအတွင်း အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာ ပေးခဲ့သည်။
မုန်တိုင်း ကျရောက်ပြီးကာလတွင်လည်း သတင်းများပြတ်တောက်မသွား စေရေးအတွက် စစ်တွေရှိ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတွင် Uplink Unit V Sat တပ်ဆင်ထားပြီး AVI West တစ်လုံးကိုလည်း မေလ ၁၀ ရက်နေ့ ကတည်းက ကြိုတင်ပေးပို့ထားခဲ့သည်။ ၎င်းအပြင် မေလ ၁၁ ရက်နေ့ကတည်းက မောင်တောမြို့သို့ Back Pack တစ်စုံ ကြိုတင်ပို့ဆောင်၍ သတင်းများ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။
စန္ဒရားဦးကွန်းဇော်မျိုးဆက်နှင့် ရေစက်ဆုံ
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် အတွင်းရှိမြို့နယ်အသီးသီးမှ ပြန်ကြား ရေးဝန်ကြီးဌာနအောက်က ဦးစီးဌာနများ၊ လုပ်ငန်းများကို စေ့ငုလေ့လာ ကြည့်သောအခါ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအောက်ရှိ ကိုယ်ပွားသတင်းစာတိုက် (စစ်တွေ)၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအောက်ရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ စသည်ဖြင့် တွေ့ရှိရသည်။ မိမိသိလိုသမျှကို ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေ သော သက်ဆိုင်ရာဌာနအလိုက် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဇုန်နယ်မှူး (အင်ဂျင်နီယာမှူး) များကို မေးမြန်းရပါတော့သည်။
“ကျွန်တော့်အဖေက စန္ဒရား ဦးကွန်းဇော်ပါ”
“ရော်”
စန္ဒရားဦးကွန်းဇော်၏ သားဖြစ်ကြောင်းပြောသူက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရခိုင်ပြည်နယ်ရုံးတွင် တာဝန်ထမ်းဆောင် နေသောညွှန်ကြားရေးမှူး ဦးတင်ကိုဝင်း ဖြစ်သည်။ စန္ဒရားကွန်းဇော်၏ လက်သံကိုရော၊ သူရေးဖွဲ့ခဲ့သည့် တေးသီချင်းများကိုရော ကျွန်တော်နှစ်သက်ခဲ့သည်။ Sky-Net မှာ လိုင်းပေါင်းများစွာရှိသော်ငြားလည်း ကျွန်တော်အများဆုံး ကြည့်ဖြစ်သည်မှာ Skynet Sport Channel ၊ ASIAN Movies နှင့် Skynet Music Channel များပင်ဖြစ်သည်။ Skynet Music Channel မှာမှ ခေတ်ပေါ် မြန်မာသံစဉ်တေးများကို နှစ်သက်ခဲ့ သည်။ ဟောင်း၍ကောင်းနေသော သီချင်းများဖြစ်နေသည်။ ထိုသီချင်း ဟောင်းတို့ကိုပင် ထပ်ခါတလဲလဲကြည့် ဖြစ်နေသည်မှာ ဆယ်စုနှစ်နှင့်ချီခဲ့ပြီ။ ထိုအထဲတွင် ဂီတစာဆို ဂီတမှူး စန္ဒရား ကွန်းဇော်၏ဂီတသက်တမ်း ရွှေရတု နှစ်(၅၀)ပြည့်အထိမ်းအမှတ် တီးခတ် သီဆိုဖျော်ဖြေ တင်ဆက်ထားသော “သံစဉ်များရဲ့ ဂန္ထဝင်ည” ဂီတဖျော်ဖြေပွဲ လည်းပါဝင်သည်။ စေလိုရာစေ၊ ဖိုးလမင်းကို ရှက်တယ် အစရှိသော သီချင်းများနှင့် အကြိုက်ဆုံးသီချင်းက တော့ အစ်မကြီးတက္ကသိုလ်လဲ့လဲ့ သီဆိုထားသည့် နှင်းဆီမလေးချစ်ပုံပြင် သီချင်းဖြစ်သည်။
“ပြီးတော့ ကျွန်တော်က စာရေး ဆရာ မောင်မိုးယံနဲ့ ညီအစ်ကိုဝမ်းကွဲ တော်ပါတယ်”
“ရော်”
ကျွန်တော် အာမေဋိတ်သံ “ရော်” က ထပ်၍ထွက်သွားရပြန်သည်။ အမျိုးသားစာပေဆုရ ဆရာမောင်မိုးယံ ဆိုသော အစ်ကိုကြီး ဗိုလ်မှူးမျိုးသန့်ကိုလည်း ရင်းနှီးနေပါသည်။ ဂီတနှင့်ရော စာပေနှင့်ပါ မျိုးဆက်မကင်းသည့် ပြန်/ဆက် ဝန်ထမ်းတစ်ယောက်နှင့် ရခိုင်တွင် လာရောက်ဆုံစည်းခွင့် ရခဲ့ပါသည်။ သူ့ရုံးအနေဖြင့်လည်း ပြန်ကြား ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်း ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။ မုန်တိုင်းမကျရောက်မီ မြို့နယ် ၁၇ မြို့နယ်အတွင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဟောပြောဆွေးနွေးခြင်းများ ၈၄ ကြိမ်၊ အသံချဲ့စက်များဖြင့် လှည့်လည် ကြေညာအသိပေးခြင်းများ ၂၇၂ ကြိမ်၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမှု၊ စားရေရိက္ခာများ ဖြန့်ဝေမှု၊ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေမှု၊ ဇာတ်တိုက်လေ့ကျင့်မှု၊ အစည်းအဝေးများ ကျင်းပမှုတို့နှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်မှု ၂၄၀ အထိ ဆောင် ရွက်ခဲ့သည်။ ရခိုင်ပြည်နယ်၏ ရေမြေသဘာဝအရ အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာရာတွင် အချို့ပင်လယ်တွင်းကျေးရွာများကို ရေလမ်းခရီးဖြင့် သွားရောက်ခဲ့ကြရသည်။
မုန်တိုင်း ကျရောက်ပြီးကာလမှာ လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့လာရသည့် သတင်းမှားများကိုလည်း ပြန်လည်ချေဖျက်ဆောင်ရွက်ခဲ့ရသည်။ ကြည့်ရှုသူများပြားသည့် Telegram Channel များနှင့်ဆက်သွယ်၍ သတင်းမှန်များ အမြန်ပေးပို့ကာ အသိပေးထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်၊ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်တို့ဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒေသခံပြည်သူ ခြောက်သိန်းကျော်ကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့မှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် NP News သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းအစီအစဉ်များ ပြုလုပ်နိုင်ခဲ့ပါသည်။ ပြန်/ဆက်ရုံး ပန်းဆိုးတန်းလမ်း တွင် ရှိနေချိန်၊ ၁၉၉၇ ခုနှစ်လောက် ကတည်းက ဝင်ထွက်သွားလာခဲ့သည် ဖြစ်ကြောင်း၊ ဆရာဦးချစ်နိုင်မှအစ ဆရာကြို့ပင်ကောက်တင်မောင်ဦး၊ ဆရာဦးလှအေးနှင့် သူ့တပည့် မစိမ်းလဲ့၊ မနုနုစိန်၊ ဓာတ်ပုံဆရာများဖြစ်သည့် ကိုအောင်တင်၊ ကိုသန်းအောင်၊ ကိုကျော်ဆွေမိုး၊ ကိုမိုးမင်းလှိုင်တို့နှင့် ခင်မင်ကြောင်း ပြောခဲ့သည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့ ရခိုင်ပြည်နယ် စစ်တွေမြို့ခရီးစဉ်နှင့် မေလ ၁၆ ရက်နေ့ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ဒေသသို့ သွားရောက်ပြီး မိုခါ မုန်တိုင်းဒဏ်သင့်ခဲ့သည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည့်ခရီးစဉ်၌ အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -
“ရခိုင်ပြည်နယ်တွင် သဘာဝဘေး ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဆက်သွယ် ရေးတာဝါတိုင်များနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်တိုင်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ပေါင်းစပ်၍ အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန်”
ယင်းလမ်းညွှန်ချက်အရ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မေလ ၁၄ ရက်နေ့က ပြိုလဲသွားခဲ့သော 100 Meter Self Supporting Tower တိုင်ကို စနစ်တကျဖြုတ်သိမ်း၍ ယင်းနေရာတွင် 30 Meter Guyed Tower တိုင်ကို မေလ ၁၆ ရက်နေ့တွင် ယာယီအစားထိုး စိုက်ထူတပ်ဆင်ခဲ့ပါသည်။ ယင်းနောက် ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်များကို မေလ ၃၀ ရက် နေ့တွင် ပြန်လည်ထုတ်လွှင့်ပေးနိုင်ခဲ့ပါသည်။ ၎င်းအပြင် စစ်တွေမြို့အပါအဝင် မုန်တိုင်းသင့်ဒေသများ၌ ရုပ်မြင်သံကြား ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်ရေးအတွက် DTH စလောင်း အစုံ ၅၀၀ ကို မေလ ၁၆ ရက်နေ့တွင် စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့ပြီး ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ဖြန့်ဝေပေးခဲ့ပါသည်။
ပြည်နယ်အတွင်းရှိ ထပ်ဆင့်လွှင့်စက်ရုံများ
ရခိုင်ပြည်နယ်အတွင်း၌ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ ၁၆ ရုံ ရှိပါသည်။ စစ်တွေမြို့၌ 100 Meter Self Supporting Tower ကို ၁၉၈၆ ခုနှစ်တွင် Analogue 10 kw ဖြင့် စတင်ထုတ်လွှင့်ခဲ့ ပြီး ၂၀၁၄ ခုနှစ်၌ Digital 3 kw နှင့် မြန်မာ့အသံ FM 2 kw လွှင့်စက်တို့ တပ်ဆင်ထုတ်လွှင့်ခဲ့ရာ စက်ရုံမှ မိုင် ၃၀ ဝန်းကျင်အတွင်း လွှင့်အားပျံ့နှံ့ သက်ရောက်မှုရှိခဲ့သည်။ မြောက်ဘက် ၂၂ မိုင်အကွာရှိ ပါဒလိတ်၊ သင်ပုန်းတန်း၊ ကျောင်းတောင်ရွာနှင့် စေတီပြင်အထိ လည်းကောင်း၊ အရှေ့ဘက် မိုင် ၃၀ အတွင်းရှိ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြားအထိလည်းကောင်း၊ အရှေ့ တောင်ဘက်ယွန်းယွန်းရှိ မြေပုံနှင့် ချောင်းခွအထိလည်းကောင်း လွှင့်အား ရှိခဲ့ကြောင်းတွေ့ရသည်။ ယခုယာယီ တပ်ဆင်ထားသော 30 Meter Guyed Tower ကမူ Digital TV 300 W လွှင့်စက်နှင့် မြန်မာ့အသံ FM 300 W လွှင့်စက်တို့ဖြင့် ထုတ်လွှင့်လျက်ရှိရာ စစ်တွေမြို့ ပတ်ဝန်းကျင်နှင့် ၁၀ မိုင်အတွင်းသာ လွှင့်အားသက်ရောက်မှုရှိပါသည်။
မြောက်ဦးစက်ရုံသည် ၂၀၁၈ ခုနှစ် က တည်ဆောက်ထားပြီး လွှင့်အား 300 W စက်ရုံဖြစ်သည်။ ဇွန်လ ၁၅ ရက်နေ့တွင် ပြန်လည်ထုတ်လွှင့်ပြသနေပြီ ဖြစ်သည်။ ကျောက်တော်ရှိ 600 W စက်ရုံကို ၁၉၉၉ ခုနှစ်တွင် တည်ဆောက်ပေးခဲ့ပြီး မုန်တိုင်းကြောင့် ပျက်စီးမှုအနည်းငယ်ကို ပြုပြင်ပြီးနောက် မေလ ၂၂ ရက်နေ့တွင် ပြန်လည်ထုတ်လွှင့်ပြသ ပေးနိုင်ခဲ့ပါသည်။ ကျောက်ဖြူစက်ရုံ 50 W၊ ဘူးသီးတောင်(မောင်တော) စက်ရုံ 1 kw၊ အမ်းနှင့် မင်းတက် (ရှောက်ခြုံ)၊ မာန်အောင်၊ ရမ်းဗြဲနှင့် ပိန္နဲတောင်၊ မအီ၊ လမူး၊ တောင်ကုတ်၊ သံတွဲ၊ ကျိန္တလီနှင့် ဂွ ထပ်ဆင့်လွှင့်စက်ရုံများမှာ ထိခိုက် ပျက်စီးမှုအနည်းငယ်စီသာရှိသဖြင့် ပုံမှန် ထုတ်လွှင့်မှုများ ဆောင်ရွက်နေပါသည်။ ရခိုင်ပြည်နယ်၏ ဇုန်နယ်မှူးတာဝန် ယူထားသော ဦးကိုကိုမင်း (အင်ဂျင်နီယာ မှူး)အနေဖြင့်လည်း စက်ရုံများ ထုတ်လွှင့် မှုအခြေအနေများကို ရခိုင်ပြည်နယ် အစိုးရ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့သို့ အချိန်နှင့်တစ်ပြေးညီ အစီရင်ခံ တင်ပြဆောင်ရွက်လျက်ရှိပါသည်။
အနုပညာရှင်များက စေတနာနှင့် သဒ္ဓါတရားထက်သန်
မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ် ပြီးနောက်မေလ ၁၇ ရက်နေ့၌ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်း အရုံး (ဗဟို)၊ မြန်မာနိုင်ငံဟာသပညာ ရှင်များအစည်းအရုံးတို့မှ အနုပညာရှင် ၄၉ ဦးတို့သည် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ သွားရောက်၍ စစ်တွေနှင့် အနီးတစ်ဝိုက်ရှိ မုန်တိုင်းသင့်ပြည်သူ များနှင့် တွေ့ဆုံအားပေးခြင်း၊ ကယ်ဆယ်ကူညီထောက်ပံ့ရေး ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
ထို့ပြင်တဝ မုန်တိုင်းသင့်ဒေသရှိ ပြည်သူများအား လှူဒါန်းထောက်ပံ့နိုင် ရန်အလို့ငှာ ရန်ပုံငွေပဒေသာကပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးတို့မှ အနုပညာရှင်များပူးပေါင်း၍ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ဇွန်လ ၂ ရက်နေ့ မှ ၄ ရက်နေ့အထိ သုံးရက်တာ ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ယင်းဖျော်ဖြေပွဲ တင်ဆက်မှုကို ဇွန်လ ၂ ရက်နေ့၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်သူများနှင့် အတူ ကြည့်ရှုအားပေးခဲ့ပါသည်။ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ဧည့်ခံတီးလုံး၊ ပဏာမအဖွင့်တီးလုံးတို့ဖြင့် တင်ဆက်ပြီး ရခိုင်စည်တော်အက၊ အပျိုတော် လမိုင်းအကတို့ဖြင့် ပါဝင်ဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များက မြူးကြွလှပသံစဉ်များ၊ တေးသံသာများ၊ ရုပ်ရှင်ဇာတ်ဝင် တေးများဖြင့် ပါဝင်ဖျော်ဖြေကြသကဲ့သို့ ဟာသပညာရှင်များ အစည်းအရုံး၏ ဟာသအစီအစဉ်၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး၏ မြန်မာ့အငြိမ့်သဘင် ရေစီးကြောင်း အော်ပရာတို့လည်း ပါဝင်ခဲ့ပါသည်။
ရန်ပုံငွေပဒေသာကပွဲတွင် ဒါရိုက် တာ ညိုမင်းလွင်၏ “မီးခွက်စောင့်ကျွန်း”၊ ဒါရိုက်တာ ကျော်ဇောလင်း၏ “ကူညီပေးပါ” ၊ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်၏ “တင်တောင်းမယ်”၊ ဒါရိုက်တာ မောင်မျိုးမင်း၏ “ပြန်လည် နိုးထကြပါစို့”၊ အေဝမ်းဦးသိန်းထွဋ်၏ “သမန်းကျားနှင့် ခေတ္တရာခရီးသည်”၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ၏ တစ်ခန်းရပ်ပြဇာတ်များ စသည်တို့ကို အားပေးကြည့်ရှုခဲ့ကြသည်။ အနုပညာ ရှင် ၂၀၇ ဦး ပါဝင်ခဲ့ပြီး မေလ ၂၇ ရက် နေ့မှ စတင်ဇာတ်တိုက်လေ့ကျင့်ခဲ့ကြ ခြင်းဖြစ်သည်။
အဆိုပါရန်ပုံငွေပဒေသာကပွဲမှ ရရှိငွေကျပ် ၁၅၂၂ သိန်း၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဘောလုံးအသင်း (Movie FC)၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) (Music FC)၊ Forever Co.,ltd (Forever FC)၊ Old Star (ညွန့်ပေါင်း FC) တို့၏ လေးပွင့်ဆိုင် မိုခါရန်ပုံငွေဘောလုံးပွဲမှ ရရှိငွေကျပ်သိန်း ၉၅၀ စုစုပေါင်းငွေကျပ် ၂၄၇၂ သိန်းကို ရခိုင်ပြည်နယ် စစ်တွေ မြို့သို့ ဇွန်လ ၂၈ ရက်နေ့တွင် တပ်မတော် လေယာဉ်ဖြင့် သွားရောက်လှူဒါန်းခဲ့ကြရာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်ရန် မှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် စစ်တွေမြို့ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်ကာ မုန်တိုင်းဒဏ်ကြောင့် ကျိုးကျပျက်စီးခဲ့သော မီတာ ၁၀၀ Self Supporting Tower အား ပြန်လည်ရှင်းလင်းသိမ်းဆည်းရေး၊ အသစ် တပ်ဆင်ပြီးစီးခဲ့သည့် မီတာ ၃၀ Guyed Tower ဖြင့် ယာယီထုတ်လွှင့်ပေးနေမှု အဆင်ပြေစေရေး မှာကြားကာ စက်ရုံမှူး နှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ အလားတူ ပြည်ထောင်စုဝန်ကြီးသည် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ စစ်တွေမြို့ ကိုယ်ပွားသတင်းစာတိုက်သို့ သွား ရောက်ကြည့်ရှုစစ်ဆေးကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီပြီးစီးရေး မှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ် ခဲ့ပါသည်။
ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ)သည် မိုခါမုန်တိုင်းမကျရောက်မီကာလ၌ နေ့စဉ်မြန်မာ့အလင်းသတင်းစာ ၁၅၉၈ စောင် ပုံနှိပ်ဖြန့်ဝေပေးခဲ့သည်။ ကြေးမုံ ၁၂၃ စောင်အား ကြေးမုံသတင်းစာတိုက် (ရန်ကုန်)မှ လေကြောင်းဖြင့် ပေးပို့ ဖြန့်ဝေခဲ့သည်။ မုန်တိုင်းသင့်ပြီးနောက်တွင်လည်း သတင်းစာထုတ်ဝေဖြန့်ချိမှု ရပ်ဆိုင်းသွားခြင်းမရှိဘဲ ရန်ကုန်မှ မှာယူ ကာ ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။ မြန်မာ့ အလင်းစောင်ရေ ၁၀၀၊ ကြေးမုံစောင်ရေ ၁၂၃ စောင်ကို လေကြောင်းလိုင်းဖြင့် လည်းကောင်း၊ ကျန်သတင်းစာများကို အောင်သစ္စာမော်တော်ယာဉ်လိုင်းဖြင့်လည်းကောင်း မှာယူဖြန့်ချိပေးနေ ပါသည်။
ရွှီပြည်ရခိုင်ပုံရိပ်
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ ရည်မှန်းချက်နှင့်အညီ တိုင်းရင်းသား ဘာသာဖြင့်ပါ သတင်းဆောင်းပါးများကို ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ရွှီပြည်ရခိုင်ပုံရိပ်ဟု အမည်ပေးထားသည့် သတင်းဆောင်းပါး လေးမျက်နှာ ဖွဲ့စည်းပုံနှိပ်ထားသော သတင်းစာကို ၂၀၁၇ ခုနှစ် စက်တင် ဘာလမှစတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကိုယ်ပွားသတင်းစာတိုက်မှ ပုံမှန်ဖြန့်ချိပေးခဲ့ပါသည်။ ယခုမုန်တိုင်းဒဏ် သင့်ပြီးချိန်၌လည်း အဆိုပါလေးမျက်နှာ သတင်းစာကို ရန်ကုန်မြို့တွင် ပုံနှိပ်ကာ ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ဖြန့်ချိပေးနေကြောင်း တွေ့ရသည်။ မြန်မာ့အလင်း၊ ကြေးမုံ၊ မန္တလေးနေ့စဉ်သတင်းစာများ ၏ ညာအပေါ်ထောင့်တွင် ဓမ္မပဒအဆုံး အမ တရားများကို ဖော်ပြထားသကဲ့သို့ ရွှီပြည်ရခိုင်ပုံရိပ်တွင်လည်း ရခိုင်ဆိုရိုးများ ကို ဖော်ပြပေးလျက်ရှိသည်။ တာရှည် ကေဗောင်းစောက်တေ၊ ဒေါသအမျက် ကိုယ်ကျိုးပျက်၊ ထောက်ထားကေ နှောင့်ယှက်တေ ... စသည်ဖြင့်။ ရွှီပြည် ရခိုင်ပုံရိပ်သတင်းစာအား စွဲစွဲမြဲမြဲ ဖတ်သွားပါက ကြာလာလျှင် ရခိုင်လေယူ လေသိမ်း၊ ရခိုင်ဘာသာစကားကို အတော်အတန် တီးမိခေါက်မိရှိလိမ့်မည် ဟု ကျွန်တော်တွေးလိုက်မိသည်။
မိုခါကိုအနိုင်ယူခဲ့သည်
ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ကွပ်ကဲမှုအောက် ဦးစီးဌာနများအနေဖြင့် မိုခါမုန်တိုင်း မကျရောက်မီအချိန် ကတည်းက သတင်းလက်ဦးမှုရယူ၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံ ပြည်သူများကို ကူညီပံ့ပိုးမှုများပေးခဲ့သည်။ သတင်းမီဒီယာ တိကျမြန်ဆန် အားကောင်းခြင်းသည် အသက်ပေါင်း များစွာကို ကူညီကယ်ဆယ်ရာလည်း ရောက်ပါသည်။ သတင်းမှားများကို တုံ့ပြန်ချေဖျက်နိုင်ခြင်းကလည်း နိုင်ငံ တကာအလယ်တွင် မြန်မာဆိုသည်မှာ သွေးစည်းညီညွတ်သည့်၊ ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထွန်းကားပြန့်ပွား သည့်တိုင်းပြည်အဖြစ် သရုပ်သကန် ပေါ်လွင်စေခဲ့သည်။ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှု နည်းပါးခဲ့ခြင်း၊ ကူညီ ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်တိုအတွင်း တိကျမြန်ဆန်စွာ ဆောင်ရွက်နိုင်ကြောင်း ထုတ်လွှင့်ပြသ နိုင်ခဲ့ခြင်း၊ မုန်တိုင်းသင့်ဒေသများမှ ပြည်သူများအတွက် လှူဒါန်းမှုများစွာ ရှိနေခြင်းတို့ကြောင့် ပြန်ကြားရေး ဝန်ကြီးဌာနသည် မိုခါမုန်တိုင်းအပေါ် အန်တုယှဉ်ပြိုင် အနိုင်ယူခဲ့ပါကြောင်း ရေးသားဂုဏ်ပြုလိုက်ရပါသည်။ ။