နေပြည်တော် ဩဂုတ် ၁၅

အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့တွင် နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ အဖွဲ့ ဥက္ကဋ္ဌ- ၁ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နှင့် ဥက္ကဋ္ဌ- ၂ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့အတွင်းရေးမှူးက အမျိုးသားမြေအသုံးချမှုမူဝါဒ ရည်ရွယ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား မြေဥပဒေကို ပြဋ္ဌာန်းရန် ဆောင်ရွက်ချက်များ၊ မြေယာစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် ဥပဒေများ၊ အမျိုးသားမြေဥပဒေ ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များ၊ အမျိုးသားမြေ ဥပဒေ ပေါ်ပေါက်လာစေရေးအတွက် အကြံပြုချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာလုပ်ငန်းအလိုက် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

ယနေ့ကျင်းပသည့် အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီက ချမှတ်ထားသည့် အစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီ အမျိုးသားမြေဥပဒေရေးဆွဲရေး အဖွဲ့ငယ်များက အခန်းအလိုက်ရေးဆွဲခြင်းနှင့် လုပ်ငန်းအဖွဲ့က စိစစ်သုံးသပ်ခြင်း ၊ အခန်းများ အားလုံး ရေးဆွဲပြီးပါက အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီမှတဆင့် အမျိုးသားမြေအသုံးချမှုကောင်စီသို့ ကနဦး မူကြမ်းတင်ပြခြင်း လုပ်ငန်းများအတွက် အချိန်ကာလသတ်မှတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်