နေပြည်တော် ဩဂုတ် ၁၆
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ် မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က ထားဝယ်မြို့နယ်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇဟာကျေးရွာ၊ ရေး-ထားဝယ် ကားလမ်းရှိ “အောင်ဖြိုးပိုင်”စက်သုံးဆီအရောင်းဆိုင်အနီး၌ ရေးမြို့မှ ထားဝယ်မြို့သို့ မောင်းနှင်လာသည့် လိုင်စင်မဲ့ Honda Fit Shuttle မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၀၀၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ထို့အပြင် ဩဂုတ် ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေး-မူဆယ်ကားလမ်း၊ မိုင်တိုင်အမှတ်(၂၁)မိုင် (၃)ဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁) စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသော PVC Toy Train (၁၀)ခု အပါအဝင် ကုန်ပစ္စည်း(၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၄၈၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nidi Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ လက်ပံလှ-စဉ့်ကူးယာယီ စစ်ဆေးရေး စခန်း၌ ဗန်းမော်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Play Card (၉၈၀၀)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၉၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၉,၃၈၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဩဂုတ် ၁၅ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ အေးရှားဝေါလ် တိုးဂိတ်အကျော် နမ့်ခွန်ရွာအနီး လမ်းမကြီးဘေးတွင် စုပုံထားသော အကောက်ခွန်မဲ့ ကုန်ပစ္စည်းများဖြစ်သည့် Huitian Multi Purpose Foam Cleanser (၂၆၀)ဘူး အပါအဝင် ကုန်ပစ္စည်း(၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၉၀,၀၀၀) ကိုလည်းကောင်း၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ ကားလေးကွင်းအနီး လမ်းမကြီးဘေးတွင် စုပုံထားသော အကောက်ခွန်မဲ့ကုန်ပစ္စည်းများ ဖြစ်သည့် Plastic Net (၁၄၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၁၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၇၇,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၃၆၇,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ဩဂုတ် ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာနအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက ပဲခူးခရိုင်နှင့် တောင်ငူခရိုင် အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ်(၂၈.၄၆၅)တန်နှင့် အခြားသစ် (၂.၅၂၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၃၃၆,၁၇၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဩဂုတ် ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁,၀၈၈,၁၇၂)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီ မှသိရသည်။
(သတင်းစဉ်)