နေပြည်တော် ဩဂုတ် ၁၆
မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေး ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲ ပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။
ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများသို့ အလုပ်သမားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း (၁၂၇) ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း (၂၁၀) တက်ရောက်ကြပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးကြသည်။
ယင်းမဲပေးစက်ကို အသုံးပြုမဲပေးခြင်းဖြင့် မဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများအတွက် ပိုမိုရှင်းလင်း လွယ်ကူပြီး မဲရလဒ်များကိုလည်း တိကျမှန်ကန်စွာဖြင့် ရေတွက်နိုင်မည် ဖြစ်သည်။ စက်ဖြင့်မဲပေးခြင်းဖြင့် မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေဆောင်ရွက်ရာတွင် ဖြစ်ပေါ်ခဲ့ရသော မဲမသမာမှုများ မဖြစ်ပေါ်နိုင် သည့်အပြင် ပယ်မဲများမရှိတော့သည့်အတွက် မဲဆန္ဒရှင်များ၏မဲများ ပယ်မဲကြောင့် အဟောသိကံ ဖြစ်ခဲ့ရခြင်းမျိုးလည်း မရှိနိုင်တော့သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)