နေပြည်တော်၊ ဩဂုတ် ၁၆

 

လူမှုရေးဆိုင်ရာ အသိပညာမြင့်မားရေး မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ကျင်းပသည်။

 

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းက လူ့အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ကဏ္ဍများသည် အရေးကြီးပါကြောင်း၊ လူမှုရေးကဏ္ဍသည် အလွန်ကျယ်ပြန့်ပြီး လူတစ်ဦးချင်း၏ ပညာရေး၊ ကျန်းမာရေး အရည်အသွေးကောင်းမွန်မှုအပြင် လူတစ်ဦးချင်း၏ ခံယူချက်၊ အတွေးအခေါ် စသည်တို့ မြင့်မားရန်နှင့် ရင်းနှီးချစ်ကြည်စွာ လက်တွဲဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ယုံကြည်မှု တည်ဆောက်ခြင်း (Trust Building) သည် နိုင်ငံရေး ကဏ္ဍတွင်မပါမဖြစ် အရေးကြီးပြီး အခြားကဏ္ဍ များဖြစ်သည့် စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးတို့တွင်လည်း  မဖြစ်မနေတည် ဆောက်ထားရမည့် အခြေခံအချက်ဖြစ်ပါကြောင်း၊ ယုံကြည်မှု တည်ဆောက်ခြင်းသည် လူမှုရေးပညာရပ်၏  အဓိကကျသည့် အနှစ်သာရတစ်ရပ်ဖြစ်ပါကြောင်း ပြောကြားသည်။

 

လူမှုရေးဆိုင်ရာ အသိပညာမြင့်မားရေးမွမ်းမံသင်တန်းတွင် လူမှုရေးဆိုင်ရာ ပညာရပ်ဆိုင်ရာ သင်ခန်းစာ များအပြင် ဆက်စပ်ဘာသာသာရပ်များဖြစ်သည့် အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပဋိပက္ခစီမံခန့်ခွဲမှု၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ မသန်စွမ်းမှု တို့နှင့်စပ်လျဉ်းသည့် သင်ခန်းစာများကို ဩဂုတ် ၁၆ ရက်မှ ၁၈ ရက်အထိပို့ချသွားမည် ဖြစ်သည်။  

(သတင်းစဉ်)